The network connection is lost.

Banner Image

မူစီယာလာနဲ့ ဒွန်နာရမ်မာတို့ရဲ့မတော်တဆမှုဖြစ်စဉ်အပေါ် အမြင်ကိုချပြလာတဲ့ ဟမ်းမဲလ်

မူစီယာလာ အပြင်းအထန်ဒဏ်ရာရရှိသွားတဲ့ ဒွန်နာရမ်မာရဲ့ဖြတ်ထုတ်မှုဟာ သမားရိုးကျပုံစံသာဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်ခံစစ်မှူးဟောင်းဟမ်းမဲလ်က အခိုင်အမာပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ ဂျာမန်ချန်ပီယံတွေ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ကြောက်မက်ဖွယ်ဒဏ်ရာရရှိသွားတဲ့ မူစီယာလာအတွက် အပြည့်အဝတာဝန်ရှိတယ်လို့ စွပ်စွဲခံထားရသူ ဒွန်နာရမ်မာကို ကာကွယ်ပေးဖို့ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမန်လက်ရွေးစင်ဟောင်းဟမ်မဲလ် ရောက်ရှိလာခဲ့ပါတယ်။ နောက်ခံလူဟောင်းက အခုမတော်တဆမှုဖြစ်စဉ်အတွက် ကစားသမားနှစ်ဦးလုံးမှာ တာဝန်ရှိကြပြီး အီတာလျံဂိုးသမားရဲ့ဖြတ်ထုတ်မှုဟာ သမားရိုးကျပုံစံသာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

မူစီယာလာရဲ့ကြောက်မက်ဖွယ်ဒဏ်ရာရရှိမှုအတွက် ဒွန်နာရမ်မာကိုယ်တိုင်လည်း ဝေဖန်မှုတွေအောက် ကျရောက်သွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာမာ့ခ်အီဘရယ်လ်က အေစီမီလန်ဂိုးသမားဟောင်းအနေဖြင့် ဘောလုံးပိုင်ဆိုင်မှုရယူဖို့ကြိုးပမ်းချိန်မှာ စာနာစိတ်ထားရှိသင့်တယ်လို့ ဆိုခဲ့သလို ဂျာမန်ဂိုးသမားနူအာကလည်း ဒွန်နာရမ်မာကိုယ်တိုင် အခုလိုမဆင်မခြင်အပြုအမူမျိုး မပြုလုပ်သင့်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုခွဲစိတ်ကုသမှုတစ်ခုအပြီး မူစီယာလာက ဆိုရှယ်မီဒီယာမှတဆင့် အခုဖြစ်စဉ်အတွက် မည်သူမျှအပြစ်မရှိကြောင်း သတင်းစကားမျှဝေသွားပါတယ်။

ဟမ်းမဲလ်က “ ဒါဟာ သမားရိုးကျဖြတ်ထုတ်မှုပုံစံတစ်ခု ဖြစ်ပါတယ်။ ရက်ရက်စက်စက်ပြုမူလိုက်တာမျိုး လုံးဝမရှိပါဘူး။ ဒီဒဏ်ရာရရှိမှုအတွက် ကစားသမားနှစ်ဦးလုံးမှာ တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲ ကျွန်တော် ပြောချင်ပါတယ်။ တခါတရံ မိမိကို အပြင်းအထန်ထိခိုက်စေနိုင်တဲ့ အခြေအနေတွေဖြစ်လာနိုင်တယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အတွက်ဆိုရင်တော့ ဒါကို အစကတည်းက ပြင်းထန်ဒဏ်ရာတစ်ခု ဖြစ်လာနိုင်တဲ့ အခြေအနေလို့ပဲ ရှုမြင်ထားပါတယ်။

ဒဏ်ရာကတော့ အတော်လေးကို ဆိုးရွားပါတယ်။ မူစီယာလာက ကစားသမားကောင်းတစ်ဦးပါ။ ဒါပေမဲ့ ပွဲစဉ်တိုင်းမှာ ကစားသမားတွေနဲ့ ဂိုးသမားအကြား ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေ ရှိကြပြီး ထင်သလောက်တော့ မရိုးရှင်းပါဘူး”လို့ ပြောပါတယ်။

လတ်တလောမှာ ဒွန်နာရမ်မာက ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် ဇူလိုင် ၁၃ ရက်ဖိုင်နယ်ပွဲစဉ်အတွင်း ပီအက်စ်ဂျီအတွက် အခုဘောလုံးရာသီ၊ ပဉ္စမမြောက်ချန်ပီယံဆုဖလားရရှိအောင် ကူညီပေးဖို့ ရည်မှန်းထားပါလိမ့်မယ်။ တဖက်မှာလည်း မူစီယာလာက ဒဏ်ရာအခြေအနေကြောင့် ငါးလ၊ ခြောက်လခန့် အနားယူသွားရဖို့ရှိနေပြီး ၂၀၂၆ ခုနှစ်မတိုင်ခင်အထိ ဘောလုံးပြန်ကစားနိုင်ဖို့ မရှိသေးပါဘူး။