
အသေးစားယူရိုပြိုင်ပွဲမှာ ပေါ်တူဂီကို ပထမဆုံးအကြိမ်အနိုင်ယူဖို့ စိတ်အားထက်သန်နေတဲ့ နာဂယ်စ်မန်း
ပေါ်တူဂီနဲ့ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂျာမနီနည်းပြနာဂယ်စ်မန်းက သူ့ရဲ့အတွေးအမြင်တွေကို ဝေမျှလာခဲ့ပါတယ်။ သူက “ ဒါဟာ အသေးစားယူရိုပြိုင်ပွဲတစ်ခုလိုပါပဲ။ ချစ်စရာကောင်းတဲ့ အားကစားကွင်းတစ်ခုမှာ ကျွန်တော်တို့ရဲ့ပရိသတ်တွေနဲ့အတူ ဒီပွဲစဉ်ကို ယှဉ်ပြိုင်ကစားဖို့ မျှော်လင့်နေပါတယ်။ ဒီနေရာမှာ နှစ်ပွဲလောက်ကစားရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါမှသာ ပြီးပြည့်စုံပါလိမ့်မယ်။ ဂျာမန်မြေမှာ အခုပြိုင်ပွဲကို ယှဉ်ပြိုင်ကစားရလို့ ကျွန်တော်တို့အားလုံး ပျော်ရွှင်နေကြပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး နာဂယ်စ်မန်းက သူ့ရဲ့အသင်းလူစာရင်းရွေးချယ်မှုအကြောင်းနဲ့ သူ့လက်ထက်မှာ ပေါ်တူဂီကို အနိုင်ယူနိုင်ဖို့အတွက် မျှော်လင့်ထားပုံအကြောင်း ဆွေးနွေးခဲ့ပါတယ်။ သူက “ ပွဲထွက်လူစာရင်း ၁၁ နေရာအတွက် ၉ နေရာလောက်ကို ကျွန်တော်စိတ်ထဲမှာ စဉ်းစားဆုံးဖြတ်ပြီးပါပြီ။ ကစားသမားတွေကိုတော့ မပြောပြရသေးပါဘူး။ ဒါပေမဲ့ ကစားသမားအများစုကိုယ်တိုင်လည်း ပွဲထွက်ခွင့်ရမယ်၊ မရဘူးဆိုတာ သိနေလောက်ပြီလို့ ကျွန်တော် ထင်ပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြတစ်ဦးအဖြစ် ကျွန်တော် ပေါ်တူဂီကို အနိုင်မရဖူးပါဘူး။ ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ ဂိုးတွေပိုသွင်းယူနိုင်ဖို့ လိုအပ်ပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေဆိုတာ သိပ်လည်း အရေးမကြီးပါဘူး”လို့ ဆိုပါတယ်။
နောက်ဆုံးမှာတော့ အသက်-၃၇ နှစ်အရွယ်နည်းပြက စီရော်နယ်ဒိုရဲ့ဂုဏ်ကျက်သရေကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ပေါ်တူဂီဝါရင့်ကြယ်ပွင့်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို အလေးပေးဖော်ပြခဲ့ပါတယ်။ နာဂယ်စ်မန်းက “ နှစ်ပေါင်းများစွာကြာ ထူးချွန်ထက်မြက်လှတဲ့ ကစားသမားဘဝတစ်ခုကို စီရော်နယ်ဒို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒီလိုအဆင့်အတန်းမျိုးမှာ အချိန်တွေအကြာကြီးစွမ်းဆောင်နိုင်ဖို့ဆိုတာ သာမန်ထက် ထူးကဲလွန်းပါတယ်။ သူက ဂိုးတွေအများကြီးသွင်းယူခဲ့ပြီး သူကစားနေတဲ့အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်းအပြည့် ရှိပါတယ်။
သူ့ရဲ့အသက်အရွယ်မှလွဲလို့ သူ့ဆီမှာ ခြိမ်းခြောက်နိုင်စွမ်းတွေ ကျန်ရှိနေသေးပါတယ်။ ဂိုးဧရိယာအတွင်း ခေါင်းတိုက်နိုင်စွမ်းအပြင် သွင်းဂိုးတွေအတွက် လက်နက်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ပွဲချိန်အတွင်းမှာ ကျွန်တော်တို့တွေ ဒီအချက်ကို သတိပြုသွားဖို့ လိုအပ်ပါတယ်”လို့ ဆက်ပြောပါတယ်။