The network connection is lost.

Banner Image

အာဆင်နယ်ကို မပြောင်းခဲ့ရလို့ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတဲ့ မူဒရစ်ခ်

ချဲလ်ဆီးအသင်း တောင်ပံကစားသမား မူဒရစ်ခ်တစ်ယောက် ၂၀၂၃ ဇန်နဝါရီတုန်းက အာဆင်နယ်ကို ပြောင်းမယ့်အခွင့်အရေးပျက်ပြယ်ခဲ့လို့ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

မူဒရစ်ခ်ဟာ အာဆင်နယ်အသင်းရဲ့အဓိကပစ်မှတ်ဖြစ်ခဲ့ပြီး ၂၀၂၂ - ၂၃ ရာသီတစ်လျှောက် အာဆင်နယ်နဲ့သတင်းကြီးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယူကရိန်းသားဟာ အာဆင်နယ်အစား ချဲလ်ဆီးကိုသာပြောင်းရွှေ့ခဲ့ရပါတယ်။

မူဒရစ်ခ်ဟာ ချဲလ်ဆီးကိုပြောင်းပြီးကတည်းက ရုန်းကန်ခဲ့ရပြီး အသင်းအတွက် ၄၃ ပွဲမှာ ၉ ဂိုးသာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ဆောင်းရာသီဈေးကွက်တုန်းက မူဒရစ်ခ်ဟာ အာဆင်နယ်ကိုသာ ပြောင်းရွှေ့ချင်ခဲ့တယ်လို့ အက်သလက်တစ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရှက်တာအသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အာဆင်နယ်က မူဒရစ်ခ်ကိုခေါ်ယူဖို့ မျက်စိကျခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းက ကြားဖြတ်ဝင်ရောက်ကာ ရှက်တာအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်က အာဆင်နယ်ကို မပြောင်းခဲ့ရလို့ ဝမ်းနည်းပက်လက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တကယ်လို့ မူဒရစ်ခ်အနေနဲ့ အာဆင်နယ်ကိုသာပြောင်းဖြစ်ခဲ့ရင် ဆာကာ၊ မာတီနယ်လီနဲ့ ပွဲထွက်ခွင့်အားပြိုင်ရမှာ ဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းနဲ့ ၁၃ လတာကာလအတွင်း မူဒရစ်ခ်တစ်ယောက် ရုန်းကန်ခဲ့ရပြီး ပိုချက်တီနိုကလည်း နေရာမပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မူဒရစ်ခ်ဟာ ဒီရာသီအစောပိုင်းတုန်းက အာဆင်နယ်နဲ့ပွဲမှာ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

မူဒရစ်ခ်ကို လွဲချော်ခဲ့တာကြောင့် အာဆင်နယ်ဟာ ဘရိုက်တန်စတား ထရိုဆက်ကို အစားထိုး ခေါ်ယူခဲ့ပြီး ဘယ်လ်ဂျီယံသားက စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။ ထရိုဆက်ဟာ အာဆင်နယ်အသင်း ပွဲထွက်လူစာရင်းမှာ ပုံသေပါဝင်ခွင့်မရပေမယ့် အသင်းအတွက် ပွဲပေါင်း ၅၀ ကျော်မှာ ၂၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ဒီရာသီမှာလည်း အဓိက ကစားသမားအဖြစ် စွမ်းဆောင်ရည်ကောင်းပြသထားနိုင်ခဲ့ပါတယ်။

အာဆင်နယ်အတွက်တော့ မူဒရစ်ခ်အစား ထရိုဆက်ကို ခေါ်ယူနိုင်ခဲ့တာက အကျိုးရှိတဲ့အပြောင်းအရွှေ့ဖြစ်လာခဲ့ပါတယ်။