The network connection is lost.

Banner Image

အမ်ဘာပေရဲ့မျက်နှာဖုံးကို ဝတ်ဆင်ကြည့်ပြီးနောက် စိတ်မကောင်းစရာထင်မြင်ချက်တစ်ခု ထုတ်ပြောလာတဲ့ မူအာနီ

အမ်ဘာပေရဲ့ပုံစံကောင်းပျောက်ဆုံးနေမှုအပေါ် ကာကွယ်ပေးမှုအဖြစ် ပြင်သစ်တိုက်စစ်မှူး မူအာနီက အသင်းကပ္ပတိန်ရဲ့ မျက်နှာဖုံးကို တပ်ဆင်ကြည့်ပြီးနောက် သူ ဘယ်အရာကိုမှ မမြင်တွေ့ရတော့ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

ပြင်သစ်အသင်းရဲ့ ယူရို-၂၀၂၄ အဖွင့်ပွဲစဉ်အဖြစ် သြစတြီးယားအသင်းနဲ့ ရင်ဆိုင်ရချိန်မှာ နှာခေါင်းရိုးကျိုးဒဏ်ရာ ရရှိပြီးနောက် အမ်ဘာပေက ဒဏ်ရာကို ကာကွယ်နိုင်ဖို့အတွက် မျက်နှာဖုံးဝတ်ဆင်ကစားနေခဲ့ရပါတယ်။ ဒီနောက်မှာတော့ ပြင်သစ်ကြယ်ပွင့်က ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတလျှောက်လုံး ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးလေးပွဲမှာ ပယ်နယ်တီသွင်းဂိုးတစ်ဂိုးသာ ရရှိခဲ့ပါတယ်။

ယူရိုပြိုင်ပွဲကြီးမှာ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်း ပြသနေတဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဝေဖန်သံတွေ ရှိနေချိန်မှာပဲ ပြင်သစ်တိုက်စစ်မှူးမူအာနီက သူတို့အသင်းကပ္ပတိန်အပေါ် ကာကွယ်ပေးဖို့ ထွက်ပေါ်လာခဲ့ပါတယ်။ ကစားသမားက အမ်ဘာပေရဲ့မျက်နှာဖုံးကို ဝတ်ဆင်ကြည့်လိုက်ချိန် ဘာကိုမှ မမြင်တွေ့ရတော့ဘူးလို့ ပြောဆိုရင်း တိုက်စစ်မှူးတစ်ဦးအတွက် ခက်ခဲလှတဲ့ အတွေ့အကြုံကို နားလည်မှုပေးနိုင်ခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

မျက်နှာဖုံးတပ်ဆင်ရခြင်းအတွေ့အကြုံအကြောင်း သတင်းထောက်တွေရဲ့မေးမြန်းလာမှုကို မူအာနီက “ဘာဆို ဘာမှကို မမြင်တွေ့ရတော့ပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။ အမ်ဘာပေခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် အသင်းဘက်က အသက်-၂၅ နှစ်အရွယ်ကစားသမားကို အခမ်းနားဆုံးအဆင့်အထိ ပို့ဆောင်ပေးဖို့ မျှော်လင့်ထားတယ်လို့ တိုက်စစ်မှူးက ဆိုပါတယ်။

မူအာနီက “ အမ်ဘာပေအတွက်တော့ သဘာဝကျပါတယ်။ သူက အသင်းဆီ ကောင်းကျိုးတွေ ယူဆောင်ပေးလာနိုင်သူ ဖြစ်ပါတယ်။ သူက အခြားကစားသမားတွေကို အကြံဉာဏ်ကောင်းတွေ ပေးပါတယ်။ ဒီလိုအရာတွေအတွက်ပဲ သူမွေးဖွားလာခဲ့တာပါ။ ဒီအသင်းကို အမြင့်ဆုံးအဆင့်အထိ ဆွဲတင်ပေးနိုင်ဖို့အတွက် သူမွေးဖွားလာခဲ့တာပါ။ အမ်ဘာပေ ဂိုးမသွင်းနိုင်ချိန်မှာ သူ့ကို ကူညီအားပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိလာပါတယ်။ ပြိုင်ပွဲလည်း မပြီးဆုံးသေးပါဘူး။ နှာခေါင်းရိုးနည်းနည်းကျိုးနေတာလွဲလို့ ကြံ့ခိုင်မှုပိုင်းမှာ အမ်ဘာပေ အဆင်ပြေနေပါတယ်”လို့ ဆက်ပြောပါတယ်။

လက်ရှိယူရိုပြိုင်ပွဲကြီးမှာ ကစားကွက်မှတဆင့် သွင်းဂိုးမရယူနိုင်သေးတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံတွေက လာမယ့်အင်္ဂါနေ့မှာတော့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် စပိန်အသင်းနဲ့ ရင်ဆိုင်ကစားသွားရပါမယ်။