The network connection is lost.

Banner Image

ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံဆုက အသင်းပရိသတ်တွေအတွက် လက်ဆောင်ပါလို့ ဆိုလိုက်တဲ့ ကူကူရယ်လာ

ဒီနေ့မနက်ပိုင်း၊ ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲမှာ ဘက်တစ်ကို ၄-၁ ဂိုးဖြင့် အနိုင်ယူကာ ဥရောပအဆင့်နောက်ထပ်ဆုဖလားတစ်လုံး ဆွတ်ခူးနိုင်ပြီးနောက် ကူကူရယ်လာက ကစားသမားတွေလိုပဲ အသင်းပရိသတ်တွေလည်း ဆုဖလားအောင်ပွဲနဲ့ထိုက်တန်တယ်လို့ ယုံကြည်နေပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း အက်ဇ်ဇယ်ဇူလီက ဘက်တစ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်မှာတော့ ကိုးပယ်လ်မာရဲ့ဦးဆောင်မှုနဲ့အတူ ချဲလ်ဆီးတို့ ပွဲကို ထိန်းချုပ်လာခဲ့ပြီး အန်ဇိုဖာနန်ဒက်ဇ်၊ ဂျက်ဆန်၊ ဆန်ချို၊ ကိုင်စီဒိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ နိုင်ပွဲဖော်ဆောင်ခဲ့ပါတယ်။ ပွဲစဉ်အပြီး ကူကူရယ်လာက အသင်းအတွက် ကမ္ဘာ့အနှံ့လှည့်လည်သွားလာသလို နိုင်ငံအတွင်းမှာလည်း ခရီးထွက်ပေးနေတဲ့ အသင်းပရိသတ်တွေဆီရည်ရွယ်ကာ ဆုဖလားကိုင်မြှောက်ရင်း အောင်ပွဲခံခဲ့ပါတယ်။ 

ကူကူရယ်လာက “ ခက်ခဲတဲ့အချိန်ကာလတွေကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရပြီး အခုလိုအခိုက်အတန့်မျိုးက ပရိသတ်တွေနဲ့ အပြည့်အဝထိုက်တန်တယ်လို့ ထင်ပါတယ်။ ခက်ခဲတဲ့ကာလတွေမှာ အသင်းပရိသတ်တွေက ကျွန်တော်တို့နဲ့အတူ ရပ်တည်ပေးခဲ့ပြီး ဒီနေ့မှာတော့ အသင်းပရိသတ်တွေဆီ လက်ဆောင်တစ်ခု ပြန်ပေးလိုက်ပါပြီ။ ကျွန်တော်တို့က အနိုင်ရရှိလိုတဲ့ စိတ်ဆန္ဒ၊ စရိုက်လက္ခဏာတို့ကို ပြသခဲ့ပါတယ်။ ဒီကလပ်အသင်းအတွက် ကစားပေးရတာ အမြဲတမ်းလိုလို အံ့အားသင့်စရာကောင်းပြီး အောင်မြင်မှုကြီးတွေအတွက် တိုက်ပွဲဝင်ဖို့ လိုလားနေပါတယ်။ ဒီနေ့မှာဆိုရင်လည်း ကျွန်တော်တို့က ဗိုလ်လုပွဲတစ်ခုကစားခဲ့ပြီး အရေးပါတဲ့ဆုဖလားတစ်လုံးကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ကျွန်တော်တို့ အရမ်းပျော်ရွှင်နေပါတယ်။ အခုလိုအခိုက်အတန့်မျိုးအတွက် အချိန်တွေအကြာကြီး ကြိုးစားခဲ့ရလို့ ကျွန်တော်တို့နဲ့ ထိုက်တန်မှုအပြည့်အဝရှိတယ်လို့ ထင်ပါတယ်။ အရေးပါတဲ့ဆုဖလားတစ်လုံးကို ကျွန်တော်တို့ ရရှိခဲ့ပါပြီ။ ပွဲအစပိုင်းမှာ ကျွန်တော်တို့အသင်း အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ စိတ်ဆန္ဒနဲ့ စရိုက်လက္ခဏာတို့ကို ပြသရင်း ပြန်လာနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အပြင် ဆုဖလားတစ်လုံးပါ ကိုင်မြှောက်နိုင်ခဲ့လို့ အသင်းအနေဖြင့် အခုဘောလုံးရာသီအတွက် ရည်မှန်းချက်တွေအပေါ် ကျေနပ်အားရနေလိမ့်မယ်လို့ ကူကူရယ်လာက ယုံကြည်နေပါတယ်။ သူက “ ကောင်းမွန်တဲ့ရာသီပိတ်ကာလတစ်ခု ဖြစ်ပါတယ်။ ရာသီအစရည်မှန်းချက်နှစ်ခုလုံးကို ကျွန်တော်တို့တွေ ဖြည့်ဆည်းနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အခုလိုအခိုက်အတန့်မျိုးအတွက် နေ့စဉ်နေ့တိုင်း အပြင်းအထန်ကြိုးစားခဲ့ရပြီး နောက်ထပ်ဆုဖလားတွေအတွက် တိုက်ပွဲဝင်ဖို့ ကျွန်တော်တို့တွေ အဆင်သင့်ဖြစ်နေပြီဆိုတာ ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။