The network connection is lost.

Banner Image

ကော်ဘီမိုင်နူးရဲ့ တန်ကြေးကို လျှော့ချပေးလိုက်တဲ့ ယူနိုက်တက်

ရာသီအသစ်ရဲ့ ပထမဆုံးပွဲစဉ် ၂ ပွဲမှာ ယူနိုက်တက်အသင်းနဲ့ ပွဲထွက်ကစားခွင့် မရရှိခဲ့ဘဲ အရန်ခုံမှာသာ ထိုင်ခဲ့ရတာဖြစ်ပါတယ်။ မိုင်နူးဟာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့ ပွဲထွက်ခွင့်နေရာအတွက် တိုက်ရိုက်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ ရူဘင် အမ်မိုရင်က ပြောခဲ့တာကြောင့် အသင်းရှိသူ့ရဲ့အနာဂတ်က သံသယဝင်စရာ ဖြစ်လာခဲ့ပါတယ်။

မိုင်နူးက အပြောင်းအရွှေ့ကာလ မပိတ်ခင် အသင်းဟောင်းကနေ ထွက်ခွာဖို့ စိတ်ဝင်စားနေကာ ဖြစ်နိုင်ချေများအတွက် ဆွေးနွေးခဲ့ပါတယ်။ ယူနိုက်တက်က အကယ်ဒမီထွက် မိုင်နူးကို ရောင်းချဖို့ ပြင်ဆင်နေပြီး အပြောင်းအရွှေ့ကိစ္စအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာဖြစ်ကာ ဆန်ချို၊ ဂါနာချို၊ အန်တိုနီတို့နှင့်အတူ စာရင်းထဲသို့ ထည့်သွင်းထားတာဖြစ်ပါတယ်။

ဂါနာချိုလိုပဲ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက သင့်တော်တဲ့ဈေးသာရရှိခဲ့ပါက ယူနိုက်တက်ဟာ မိုင်နူးကို ရောင်းချလိုခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးက အဆိုပါ ကစားသမား ၂ ဦးစလုံးကို စိတ်ဝင်စားနေပြီး နှစ်အစပိုင်းတုန်းက စုံစမ်းခဲ့သေးတာဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရတော့ နွေရာသီအပြောင်းအရွှေ့ဈေးကွက် ပိတ်ခါနီးမှာ ယူနိုက်တက်က ပေါင် ၄၅ သန်းနဲ့တောင် လက်ခံနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ မိုင်နူးသာ အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ချဲလ်ဆီးအသင်းကလည်း အခြေအနေကို စောင့်ကြည့်နေပါတယ်။

မိုင်နူးရဲ့ အခြေအနေကတော့ လက်ရှိစာချုပ်ကိစ္စကြောင့် ရှုပ်ထွေးနေပါတယ်။ အသက် ၂၀ အရွယ် ကစားသမားဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်ပတ်ကို ပေါင် ၂၀,၀၀၀ လောက် ရရှိမယ်လို့ ယုံကြည်ရပါတယ်။

သူဟာ အင်္ဂလန်အသင်းမှာ ပုံမှန်ပါဝင်လာပြီး အရေးပါတဲ့ဂိုးတွေ သွင်းယူပေးခဲ့တဲ့အတွက် လစာ သိသိသာသာ တိုးမြှင့်ဖို့ မျှော်လင့်နေပါတယ်။ တစ်ပတ်ကို ပေါင် ၁၈၀,၀၀၀ တိုးမြှင့်ဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

မိုင်နူးကတော့ အာဆင်နယ်နဲ့ ဖူလ်ဟမ်တို့နဲ့ပွဲစဉ်မှာ မန်နူရယ်လ် အူဂါတီက သူ့ထက် ဦးစားပေး ခံခဲ့ရပါတယ်။ ပွဲပြီးနောက် အမ်မိုရင်က မိုင်နူးနဲ့ ဖာနန်ဒက်စ်တို့ဟာ သူ့ရဲ့ ကစားကွက်မှာ ပွဲထွက်ခွင့်နေရာအတွက် တိုက်ရိုက်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရတော့ ဒီအခြေအနေက မိုင်နူးကို “မှင်တက်” သွားစေခဲ့ပါတယ်။ သူ့ရဲ့ နည်းပြဆီကနေ ရှင်းလင်းတဲ့ ပြောဆိုဆက်ဆံမှု မရှိတဲ့အပေါ် အံ့သြခဲ့တယ်လို့ သိရပါတယ်။