နည်းပြဖြစ်သူကို ချီးကျူးစကားဆိုလိုက်တဲ့ မန်စီးတီးစတား ဒိုကူ
မန်စီးတီး တောင်ပံကစားသမား ဒိုကူက ဂွါဒီယိုလာဟာ မိမိကိုတိုးတက်လာအောင် ကူညီပေးခဲ့တယ်လို့ ချီးကျူးပြောကြားလိုက်ပေမယ့် ယူရိုပြိုင်ပွဲအတွင်းမှာ သူ့ဆီကနေ ဘာမှမကြားရဘူးလို့ ပြောကြားလိုက်ပါတယ်။ အသက် ၂၂ နှစ်သားဟာ ဘယ်လ်ဂျီယံကလပ်အသင်းတစ်ခုကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး စီးတီးအသင်းနဲ့အတူ ပထမရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။
“စီးတီးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘောလုံးအကြောင်း ပိုသိလာရပါတယ်။ ကျွန်တော်အကောင်းဆုံး ကစားသမားတွေနဲ့အတူ ကစားခွင့်ရနေသလို အကောင်းဆုံး အသင်းတွေနဲ့ရင်ဆိုင်ခွင့်ရနေပါတယ်။ အဲ့တာက ကျွန်တော့်ကို ပြောင်းလဲပေးခဲ့တာပါ။ အခိုက်အတန့် ၂ ခုဆီကနေအပြင် ခက်ခဲတဲ့အခိုက်အတန့်တွေကနေလည်း သင်ယူနေပါတယ်။ ပက်က တကယ့်ထိပ်တန်းနည်းပြတစ်ဦးဖြစ်သလို သူ့မှာစိတ်အားထက်သန်မှုလည်းအများကြီးရှိနေပါတယ်။ သူက ပြီးပြည့်စုံတဲ့နည်းပြဖြစ်သလို စီးတီးအတွက်ကစားပေးချိန်မှာ ခင်ဗျားလည်းပြီးပြည့်စုံလာနိုင်ပါတယ်။ ကျွန်တော် အကောင်းဆုံး စွမ်းဆောင်လာနိုင်သလို သူကလည်း မတူညီတာတွေကိုသင်ပြပါတယ်။ သူက ကျွန်တော်ဘယ်လိုကစားသမားလဲဆိုတာသိသလို ကျွန်တော့်အရည်အချင်းတွေကြောင့် ခေါ်ယူခဲ့တာပါ။ ဒါ့အပြင် ပွဲထဲမှာ ကျွန်တော့်ကိုလူစားမလဲသလို ကျွန်တော့်ကို ယုံကြည်ပါတယ်။ ယူရိုမှာတော့ သူမက်ဆေ့ချ်လည်းမပို့ပါဘူး။ ဒါပေမယ့် သူပွဲတွေကိုကြည့်နေမှာသေချာပါတယ်။ ဒါမှမဟုတ် မကြည့်တာလည်းဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူပွဲအများကြီးကြည့်ဖူးထားပြီးသားပါ။ သူက အသင်းကစားသမားတွေကို အများကြီးဂရုစိုက်ပါတယ်”လို့ ဒိုကူက ပြောကြားခဲ့ပါတယ်။
ဒိုကူအတွက် အခုယူရိုပြိုင်ပွဲက ဒုတိယမြောက်ဖြစ်ပြီး ယခင်ပြိုင်ပွဲတုန်းက အခုလောက်အထိ ပါဝင်ခွင့်မရခဲ့တာဖြစ်ပါတယ်။ “ယခင်ယူရိုတုန်းက ကျွန်တော် အနည်းငယ်လောက်ပဲသိခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အသက် ၁၉ နှစ်ပဲရှိနေပါသေးတယ်။ ဘယ်သူမှအီတလီနဲ့ပွဲမျာ ကျွန်တော် ပါဝင်မယ်လို့ မခန့်မှန်းခဲ့ပါဘူး။ အခုတော့ ပါဝင်ခွင့်ရလာခဲ့ပါပြီ။ ပြိုင်ဘက်က ဘယ်သူဖြစ်ဖြစ် ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်အတွေ့အကြုံကောင်းတွေရနေပါပြီ”လို့ ဒိုကူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘယ်လ်ဂျီယံဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ယူကရိန်းနဲ့ကန်ရမှာဖြစ်ပြီး ဒိုကူတစ်ယောက် ဘယ်ကော ညာတောင်ပံမှာပါ ပါဝင်ခွင့်ရနေတာဖြစ်ပါတယ်။ “ကျွန်တော့်အားသန်တာက ဘယ်ခြမ်းမှာပါ။ ဒါပေမယ့် ညာခြမ်းမှာကစားရလည်း ပြဿနာမရှိပါဘူး။ အဲ့တာက အပေါင်းလက္ခဏာဆောင်သလို ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးဖန်တီးထားနိုင်ခဲ့ပါတယ်။ ယူကရိန်းနဲ့ပွဲမှာ ဆက်လက်လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဒိုကူက ထပ်လောင်းပြောကြားခဲ့ပါတယ်။