The network connection is lost.

Banner Image

ရိုဒရီပြန်ကစားနိုင်မယ့်အချိန်ကို အတိအကျမသိရသေးဘူးလို့ ဖွင့်ဟလိုက်တဲ့ ပက်ဂွါဒီယိုလာ

အခုညပိုင်း၊အဲဗာတန်နဲ့ရင်ဆိုင်ရမယ့် ပရီမီးယားလိဂ်ပွဲစဉ်ကို မန်စီးတီးကွင်းလယ်ကစားသမားရိုဒရီ လွဲချော်လိမ့်မယ်လို့ ပက်ဂွါဒီယိုလာက အတည်ပြုပေးခဲ့ပြီး ဘော်လွန်းဒီအော်ဆုရှင် ပြန်ကစားနိုင်မယ့်နေ့ရက်ကို အတိအကျမသိရသေးပါဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ အသက်-၂၉ နှစ်အရွယ်စပိန်သားက နိုင်ငံတကာသီတင်းပတ်မတိုင်ခင် ဘရန့်ဖို့ဒ်ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၂၂ မိနစ်မှာပဲ တံကောက်ကြောဒဏ်ရာပြဿနာနဲ့အတူ ကွင်းတွင်းမှ ထွက်ခွာလာခဲ့ရပါတယ်။ ဒါက ပြင်းထန်ဒူးဒဏ်ရာကြောင့် ယမန်နှစ်ရာသီတစ်ခုလုံးနီးပါး အနားယူခဲ့ရတဲ့ ကွင်းလယ်ကစားသမားအတွက် နောက်ထပ်စိတ်ပျက်စရာကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။

သောကြာနေ့သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ အခုအချိန်ထိတော့  ရိုဒရီ ပြန်လာမယ့်အချိန်ကို အတိအကျမသိရသေးပါဘူး။ ကျွန်တော်တို့လည်း သူနဲ့အတူ ဒီပြဿနာကို သိမ်သိမ်မွေ့မွေ့ဖြတ်သန်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အရေးအကြီးဆုံးအရာကတော့ သူပြန်ကစားနိုင်ချိန် အပြည့်အဝအဆင်သင့်ဖြစ်နေဖို့ပါပဲ”လို့ ပြောပါတယ်။

မန်စီးတီးရဲ့သမိုင်းဝင်ဖလားသုံးပွဲအောင်ပွဲရရှိတဲ့ဘောလုံးရာသီမှာ အသင်းရဲ့အဓိကကစားသမားဖြစ်ခဲ့တဲ့ ရိုဒရီက အခုဘောလုံးရာသီအတွက် ပွဲချိန်ပြည့်နှစ်ပွဲသာ ကစားထားနိုင်ပါတယ်။ သူမပါဝင်နိုင်မှုက ခုနစ်ပွဲဆက်ရှုံးပွဲမရှိဖြတ်သန်းမှုနဲ့အတူ အရှိန်အဟုန်ကောင်းကိုဆက်လက်ထိန်းသိမ်းဖို့ လိုလားနေတဲ့ မန်စီးတီးနဲ့အတူ ကွင်းလယ်ပိုင်းမှာ သိသာထင်ရှားတဲ့လစ်ဟာချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း ပက်ဂွါဒီယိုလာအတွက် အပေါင်းလက္ခဏာဆောင်တဲ့ သတင်းအချက်အလက်တွေအဖြစ် ကိုဗာဆစ်ကို အခုရာသီအတွက် ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခွင့်ရှိလာသလို အိုမာမာမွတ်ရှ်နဲ့ အစ်နူရီတို့လည်း ကြံ့ခိုင်မှုရာနှုန်းပြည့်ရရှိဖို့ အတော်လေးနီးစပ်နေပါပြီ။

အီတီဟတ်မှာ ဆယ်စုနှစ်တစ်ခုနီးပါးကြာ ဖြတ်သန်းခဲ့မှုနဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက “ ကစားသမားတွေကို ယမန်နှစ်ဘောလုံးရာသီထက် ပိုမိုကောင်းမွန်အောင် ကူညီပေးဖို့ ကျွန်တော့်မှာ ခွန်အားတွေ ရှိနေပါသေးတယ်။ ဒါဟာ မပြီးပြတ်သေးတဲ့ လုပ်ငန်းတစ်ခုပါ”လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။