
အသင်းနောက်ခံလူ ဗန်ဒီဗန်ရဲ့စွမ်းဆောင်ရည်ကြောင့် စိတ်လှုပ်ရှားမိခဲ့ကြောင်း ဝန်ခံလာတဲ့ သောမတ်စ်ဖရန့်ခ်
တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က စနေနေ့က မန်စီးတီးကို ၀-၂ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းရဲ့နောက်ခံလူ မစ်ကီဗန်ဒီဗန်ရဲ့ အံ့မခန်းစွမ်းဆောင်ရည်ကြောင့် သူ့အနေနဲ့ အတော်လေးရင်ခုန်စိတ်လှုပ်ရှားခဲ့မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်အတွင်း ပွဲကစားချိန် ၈၁ မိနစ်မှာ မန်စီးတီးတောင်ပံကစားသမား ဂျရယ်မီဒိုကူဟာ ဂိုးပေါက်ကန်သွင်းမှုပြုလုပ်ခဲ့ပေမယ့် ဗန်ဒီဗန်က ဂိုးပေါက်ထဲကနေ အချိန်မီဟန့်တားနိုင်ခဲ့တာဖြစ်ပြီး ဖရန့်ခ်အနေနဲ့ ဗန်ဒီဗန်ရဲ့ကာကွယ်မှုကို အတော်လေးအထင်ကြီးခဲ့တာဖြစ်ပါတယ်။ ဗန်ဒီဗန်ဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း အလားတူ ဂိုးစည်းပေါ်ကနေ ကာကွယ်မှုပြုလုပ်ပေးနိုင်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ နောက်ခံလူဟာ ဒဏ်ရာပြဿနာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲသာကစားခဲ့ရပေမယ့် ယခုရာသီအစမှာတော့ ကြံ့ခိုင်မှုအပြည့်နဲ့ တော့တင်ဟမ်ကို အကောင်းဆုံးကူညီနေပြီး လက်ရှိကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲအတွင်း ဂိုးမပေးရအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။
ယခုအခါမှာ ဖရန့်ခ်က "ကျွန်တော် အဲဒီပွဲမှာတွေးထားတာတွေအများကြီးရှိပါတယ်။ ပွဲကို ၃-၀ နဲ့ဦးဆောင်ပြီး အမြန်ဖြတ်ဖို့အတွက် ဒုတိယပိုင်းမှာ တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ အသင်းကလည်း ကြိုးစားအားထုတ်မှုပြုလုပ်ခဲ့ပြီး အထူးသဖြင့် နောက်တန်းပိုင်းမှာ အရမ်းအရေးပါတဲ့ အခိုက်အတန့်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အခုလို ရာသီအစပိုင်းမှာ ဒီလိုကြိုးစားအားထုတ်မှုမျိုးက ရာသီကောင်းတစ်ခုကိုပုံဖော်နိုင်ဖို့ အစပြုသလိုခံစားခဲ့ရပါတယ်"
"မန်စီးတီးက တန်ပြန်တိုက်စစ်ပြန်စချိန်မှာ ကစားသမား ၁၀ ယောက်စလုံး အနောက်ကို အသည်းအသန်ပြန်ပြေးပြီး ဂိုးပေါက်ကိုကာကွယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ပြီးတော့ ဗန်ဒီဗန်က လှလှပပပဲ ဘောလုံးကို တားဆီးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ဒီလိုစွမ်းဆောင်ရည်က ကျွန်တော့်အတွက် အတော်လေးစိတ်လှုပ်ရှားစေပါတယ်။ ကစားသမားတွေအားလုံး အခုလို အသင်းကိုကာကွယ်ဖို့ကြိုးစားနေကြတာ အနာဂတ်အတွက်ကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ တော့တင်ဟမ်ဟာ ဘုန်းမောက်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဖရန့်ခ်အနေနဲ့ ၃ ပွဲဆက်နိုင်ပွဲကို ဆက်လက်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။