
The network connection is lost.

ဘိုင်ယန်မြူးနစ်နည်းပြသစ် တာဝန်မယူခင် ကွန်ပနီကိုခေါ်ယူနိုင်ရေး ပရီးမီးယားလိဂ်ကလပ်အသင်းသုံးခုက ပစ်မှတ်ထားစောင့်ကြည့်ခဲ့တယ်လို့ မန်စီးတီးကပ္ပတိန်ဟောင်းရဲ့ဖခင်ဖြစ်သူထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘန်လေနဲ့အတူ တန်းဆင်းခဲ့ရတဲ့ ကွန်ပနီက လွန်ခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ ဘိုင်ယန်မြူးနစ်နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခံခဲ့ရပါတယ်။
ကွန်ပနီက ဘန်လေနည်းပြအဖြစ် ပထမဆုံး ရာသီမှာပဲ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပြီး အသင်းကို ချန်ပီယံရှစ်မှ အင်္ဂလန်ထိပ်တန်းလိဂ်ပြိုင်ပွဲဆီ အမြန်ဆုံးတန်းတက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပရီးမီးယားလိဂ်နည်းပြဘဝဗွေဆော်ဦးဘောလုံးရာသီမှာ အရာရာတိုင်းက ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။
ကွန်ပနီရဲ့အသင်းက ပရီးမီးယားလိဂ်နိုင်ပွဲ ၅ ပွဲသာ ရှာဖွေနိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့်-၁၉ နေရာဖြင့် တန်းဆင်းခဲ့ရပါတယ်။ ဒီလိုကိစ္စတွေက နည်းပြသစ်ရှာပုံတော်ဖွင့်နေတဲ့ ဘိုင်ယန်မြူးနစ်ရဲ့စိတ်ဝင်စားမှုကို မရပ်တန့်သွားစေခဲ့ပါဘူး။ သူတို့တွေက လတ်တလောရလဒ်တွေထက် ကွန်ပနီစိတ်ကြိုက်ကစားဟန်ကိုသာ အာရုံစိုက်လေ့လာခဲ့ပါတယ်။ဒါ့အပြင် အခြားပရီးမီးယားလိဂ်ကလပ်အသင်းသုံးခုကလည်း ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားခဲ့တယ်လို့ ကွန်ပနီရဲ့ဖခင်ဖြစ်သူ ပီယာရီကွန်ပနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဘယ်လ်ဂျီယံအခြေစိုက်သတင်းဌာနတစ်ခုနဲ့တွေ့ဆုံချိန် ပီယာရီကွန်ပနီက ဘိုင်ယန်မြူးနစ်နည်းပြသစ်ဖြစ်လာတဲ့ သူ့ရဲ့သားနဲ့ပတ်သက်လို့ အခြားဘောလုံးပရိသတ်အများစုလို အံ့အားသင့်မိခြင်း အလျဉ်းမရှိပါဘူးလို့ ရှင်းပြခဲ့ပါတယ်။
သူက “ဘိုင်ယန်မြူးနစ်နည်းပြသစ်အဖြစ် ကွန်ပနီခန့်အပ်ခံရမှုက ကမ္ဘာတစ်လွှား အံ့အားသင့်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။ကောင်းပါပြီ၊ ကျွန်တော့်အတွက်တော့ မဟုတ်ခဲ့ပါဘူး။ ကွန်ပနီအတွက် ဘယ်အသင်းတွေရဲ့စိတ်ဝင်စားမှု ရှိခဲ့ဖူးသလဲဆိုတာ ပြန်ကြည့်လိုက်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်မှာ ချဲလ်ဆီးနဲ့ တော့တင်ဟမ်၊ ဒီနှစ်မှာလည်း ဘရိုက်တန်ဘက်က စိတ်ဝင်စားမှုပြသခဲ့တယ်။ ချဲလ်ဆီးကလည်း နောက်တစ်ကြိမ်စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်လို အဆင့်တိုင်းမှာ အကောင်းဆုံး တည်ဆောက်ထားတဲ့ ကလပ်အသင်းတစ်ခုက စိတ်ဝင်စားလာမယ်ဆိုရင်တော့ ငြင်းဆန်နိုင်စရာ မရှိတော့ပါဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ပီယာရီက ဘိုင်ယန်မြူးနစ်လို အသင်းမျိုးကို ကိုင်တွယ်ခွင့်ရရှိဖို့ ဘယ်နည်းပြမဆို လိုလားလိမ့်မယ်လို့ ရှင်းပြခဲ့ပြီး ဂျာမန်ဘီလူးကြီးတွေဟာ ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် ဘန်လေအသင်းတန်းဆင်းရမှုဆိုတဲ့အချက်အပေါ် ကျော်လွှားရှုမြင်နိုင်စွမ်းရှိခဲ့တယ်"လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။
သူက “အခုတန်းဆင်းရမှုအပေါ် မျက်စိစုံမှိတ်အာရုံစိုက်နေတာမျိုး ဘိုင်ယန်မြူးနစ်ဘက်က မလုပ်ခဲ့ပါဘူး။ ဘန်လေအသင်းက အခုထက်ပိုပြီး ရမှတ်တွေ စုဆောင်းနိုင်ခဲ့သင့်တယ်ဆိုတာ သူတို့တွေ သိပါတယ်။ ကျဆုံးခဲ့ချိန်မှာတောင် ကွန်ပနီက သူ့ရဲ့ရှုမြင်ပုံတွေကို မစွန့်လွှတ်ခဲ့တာ အရမ်းကောင်းတယ်လို့ သူတို့တွေ တွေးမိခဲ့ကြပါတယ်”လို့ ဆက်ပြောပါတယ်။
ဆုဖလားလက်မဲ့ရာသီနဲ့အတူ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား တတိယနေရာဖြင့် ရာသီသိမ်းခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်က ကွန်ပနီလက်အောက်မှာ အသင်းကို ပြန်လည်တည်ဆောက်သွားဖို့ မျှော်လင့်နေပါလိမ့်မယ်။