The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်က တကယ့်ကိုခက်ခဲ့တဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာမယ်လို့ ပြောဆိုတဲ့ ယာဂန်ကလော့ပ်

ဒီနေ့ညပိုင်း၊ လန်ဒန်ကွင်းကြီးမှာ တော့တင်ဟမ်နဲ့ ရင်ဆိုင်ကစားရမယ့် လိဂ်ပွဲစဉ်က လီဗာပူးအတွက် တကယ့်ကိုခက်ခဲတဲ့ စမ်းသပ်မှုတစ်ခုဖြစ်လာလိမ့်မယ်လို့ နည်းပြ ယာဂန်ကလော့ပ်က ပြောဆိုလိုက်သလို မြောက်လန်ဒန်ကလပ်ရဲ့နည်းပြသစ် ပိုစတီကိုဂလူကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

လက်ရှိပရီးမီးယားလိဂ်အဆင့်-၄ နေရာမှာရပ်တည်နေတဲ့ တော့တင်ဟမ်က ၅၇ နှစ်တာကာလအတွင်း အကောင်းဆုံး ရာသီအဖွင့်ကာလကို ကျော်ဖြတ်နေသလို လီဗာပူးကလည်း အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေကာ လိဂ်ခြောက်ပွဲဆက်နိုင်ပွဲရရှိဖို့ ကြိုးပမ်းနေပါတယ်။

ဆဲလ်တစ်နဲ့အတူ စကော့တလန်ပြည်တွင်းဖလားသုံးလုံးအောင်မြင်မှုကို ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရယူနိုင်ခဲ့တဲ့ ပိုစတီကိုဂလူက အခုနှစ်၊ဇွန်လမှာပဲ တော့တင်ဟမ်နည်းပြသစ်အဖြစ် စတင်တာဝန်ယူခဲ့ပါတယ်။ ဒီနည်းပြက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အဆင့်-၈နေရာနဲ့သာ ရာသီသိမ်းခဲ့ရသလို အသင်းရဲ့ပင်တိုင်ဂိုးသွင်းရှင်ဟယ်ရီကိန်းကိုလည်း ဘိုင်ယန်မြူးနစ်ထံ လက်လွှတ်ခဲ့ရမှုကို ပြန်လည်ပြင်ဆင်တည်ဆောက်ဖို့ ကြိုးပမ်းနေသူ ဖြစ်ပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ကလော့ပ်က " ဒီပွဲစဉ်က အရမ်းကိုခက်ခဲတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ လွယ်ကူတဲ့ပွဲစဉ်ဆိုတာကိုလည်း ကျွန်တော် မမှတ်မိတော့ပါဘူး။ နယူးကာဆယ်နဲ့ ပွဲစဉ်လည်း ခက်ခဲခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ရင်ဆိုင်ရချိန်ကလည်း အလားတူပါပဲ။ အဝေးကွင်းပွဲစဉ်တွေအားလုံးက ခက်ခဲမှုရှိသလို အိမ်ကွင်းပွဲစဉ်တွေကလည်း မလွယ်ကူပါဘူး။ တော့တင်ဟမ်က အကောင်းဆုံးလုပ်ဆောင်နေတာပါ။ ပိုစတီကိုဂလူကလည်း တကယ်တော်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော် သူနဲ့တွေ့ရဖို့ စောင့်မျှော်နေပါတယ်။ ဆဲလ်တစ်ကိုကြည့်လိုက်မယ်ဆိုရင် ပိုစတီကိုဂလူ ဘယ်လောက်တော်သလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ သူက ဟယ်ရီကိန်းထွက်ခွာသွားတဲ့နှစ်မှာပဲ ကောင်းမွန်တဲ့ဘောလုံးကစားဟန်တစ်ခုကို သယ်ဆောင်လာခဲ့ပါတယ်။ သူက အတော်လေးကောင်းအောင် လုပ်ပြနေပြီး စောင့်ကြည့်ရတာ စိတ်လှုပ်ရှားစရာပဲ။ ဒီပွဲစဉ်က ကျွန်တော်တို့နှစ်သင်းလုံးအတွက် စမ်းသပ်မှုတစ်ခု ဖြသ်လာပါလိမ့်မယ်"လို့ ပြောပါတယ်။

ဆက်လက်ပြီး တံကောက်ကြောဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူနေရတဲ့ လီဗာပူးဒုကပ္ပတိန်အာနိုးလ်က အခုပွဲစဉ်မှာ ပါဝင်လာဖွယ်ရှိပေမယ့် အသက်-၁၈နှစ်အရွယ်ကွင်းလယ်လူ ဘာ့ဂျ်စီတစ်မှာတော့ ခြေသလုံးကြွက်သားပြဿနာ  အနည်းငယ်ရှိနေတယ်လို့ ကလော့ပ်က ပြောပါတယ်။ ဝါရင့်ကွင်းလယ်လူ သီယာဂိုလည်း အခုပွဲစဉ်ကို လွဲချော်မယ်လို့ ဂျာမန်သားက ဆိုပါတယ်။

"အာနိုးလ်က မနေ့ကလည်း လေ့ကျင့်ခန်းဆင်းသလို ဒီနေ့လည်း လေ့ကျင့်ခန်းဆင်းပါလိမ့်မယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက်တစ်ခု ချရပါလိမ့်မယ်။ သူ့ကိုကြည့်ရတာတော့ ကစားနိုင်ပုံပဲ" လို့ ကလော့ပ်က ပြောပါတယ်။