
အသင်းသစ် ၂ သင်းနဲ့စကားပြောဆိုနေတဲ့ ယူနိုက်တက်စတား
သတင်းတွေအရ ယူနိုက်တက်စတား ဆန်ချိုတစ်ယောက် အပြောင်းအရွှေ့မပိတ်ခင် အသင်းပြောင်းဖို့ ၂ သင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အာမိုရင်လက်အောက်မှာ နေရာရဖို့ မသေချာတော့တာကြောင့် ဆန်ချိုအနေနဲ့ အသင်းသစ်ရှာဖွေရတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ကို ရှင်းထုတ်နိုင်ခဲ့ပေမယ့် အန်တိုနီ ၊ ဆန်ချို ၊ ဂါနာချိုတို့ကို ရှင်းထုတ်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
၂၀၂၁ တုန်းက ဒေါ့မွန်ကနေ ပေါင် ၇၃ သန်းနဲ့ပြောင်းလာပြီးကတည်းက အင်္ဂလန်သားဟာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဒေါ့မွန်မှာ အလားအလာကောင်းတွေပြသနိုင်ခဲ့တာကြောင့် ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့် ထင်ထားသလိုဖြစ်မလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၈၃ ပွဲမှာ ၁၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
တန်ဟက်နဲ့ လူသိရှင်ကြားအချင်းများခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးထံ အငှားထွက်ကစားခဲ့ရပါတယ်။ ကစားသမားဘက်က ချဲလ်ဆီးထံ အပြီးသတ်ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် လန်ဒန်ကလပ်ဘက်က ပေါင် ၅ သန်းလျော်ကြေးသာ ပေးချေခဲ့ပါတယ်။ ဆန်ချိုကို ဂျူဗင်တပ်စ် နဲ့ အင်တာမီလန်တို့က စိတ်ဝင်စားနေဆဲဖြစ်ပြီး ယူနိုက်တက်ဘက်က ပေါင်သန်း ၂၀ လောက်ရရင် ရောင်းထုတ်ဖွယ်ရှိနေပါတယ်။
အီတာလီယာသတင်းဌာနကတော့ ရိုးမားအသင်းဟာ ဆန်ချိုကို စိတ်ဝင်စားနေပြီး ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ရိုးမားနည်းပြ ဂတ်စ်ပါရီနီဟာ ဆန်ချိုရဲ့အမာခံပရိသတ်ဖြစ်သလို အခုနွေရာသီမှာ အသင်းထံခေါ်ယူချင်နေပါတယ်။ အခြားတစ်ဖက်မှာ ဆန်ချိုကို ဘက်ဆစ်တက်ခ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။ တနလာၤနေ့တုန်းက တူရကီကလပ်ဥက္ကဌ ဆာဒယ်က အဆိုပါသတင်းကို အတည်ပြုခဲ့ပါတယ်။
“ကျွန်တော်တို့အသင်းက သူ့ကိုလိုချင်နေသလို ကျွန်တော်လည်း သူ့ကိုလိုချင်ပါတယ်။ ကစားသမားဘက်ကလည်း တူရကီမြေကို လာချင်နေပါတယ်။ကျွန်တော်တို့မှာ လုံလောက်တဲ့ငွေအင်အားရှိပါတယ်။ သူ့ကိုခေါ်ယူနိုင်ဖို့ အကောင်းဆုံးလုပ်ဆောင်မှာပါ။ ဆန်ချိုလိုကစားသမားတွေက ချန်ပီယံလိဂ်ကစားတာကိုဦးစားပေးလေ့ရှိတဲ့ကစားသမားပါ။ ဘာတွေပဲဖြစ်လာလာ ကျွန်တော်တို့ခေါ်ယူနိုင်ချေရှိတယ်ဆိုရင် ရအောင်ခေါ်ယူသွားမှာပါ”လို့ ဆာဒယ်က ဖြေကြားခဲ့ပါတယ်။
ဆန်ချိုအပြင် ယူနိုက်တက်ဟာ ဂါနာချိုကိုလည်း ရှင်းထုတ်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး အာဂျင်တိုင်းသားကို ချဲလ်ဆီးက စိတ်ဝင်စားနေကာ အန်တိုနီကတော့ ဘက်တစ်အသင်းထံ ပြောင်းချင်နေပါတယ်။