The network connection is lost.

Banner Image

ကစားသမားအနာဂတ်နဲ့ပတ်သက်လို့ သတင်းစကားတစ်ခု ပေးပို့လာတဲ့ ကူကူရယ်လာ

ဆော်ဒီပရိုလိဂ်နဲ့ဆက်စပ်ပတ်သက်နေတဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခုအပြီး ကူကူရယ်လာက ချဲလ်ဆီးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိပြီလို့ အတည်ပြုခဲ့ပါတယ်။

စပိန်သားက ချဲလ်ဆီးနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ ရက်သတ္တပတ်များစွာကြာ ဆွေးနွေးခဲ့ပြီး ဆော်ဒီကလပ်အသင်းတွေနဲ့လည်း ချိတ်ဆက်မှုရှိထားခဲ့ပါတယ်။ ဒါပေမဲ့ သောကြာညပိုင်း၊ ဝက်စ်ဟမ်းကို ၅-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ဘယ်နောက်ခံလူက အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ်လို့  အတည်ပြုခဲ့ပါတယ်။

BBC Sport မှတဆင့် ဘရိုက်တန်နောက်တန်းကစားသမားဟောင်းက “ ဟုတ်ကဲ့၊ စာချုပ်သက်တမ်းတိုးဖို့ကိစ္စ ပြီးစီးသွားပါပြီ။ ကျွန်တော်တို့တွေ လုပ်ထားပြီးသားပါ။ ကျွန်တော် အရမ်းပျော်ရွှင်နေသလို ကလပ်အသင်းဘက်ကလည်း ကျွန်တော့်အပေါ်ယုံကြည်မှုရှိပါတယ်။ ဒီအသင်းမှာရှိနေရလို့ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ အရမ်းကောင်းတဲ့ဘောလုံးရာသီတစ်ခု ဖြစ်လာဖို့လည်း မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

အနောက်လန်ဒန်ခရီးစဉ်အစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် အခုအချိန်မှာတော့ ကူကူရယ်လာက ချဲလ်ဆီးရဲ့အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီ။ အထူးသဖြင့် စပိန်သားက နည်းပြမာရက်စ်ကာလက်အောက် နောက်တန်းဘယ်အစွန်ခံစစ်နေရာကို အပိုင်စားရရှိထားပြီး အသင်းရဲ့လတ်တလောအောင်မြင်မှုတွေအတွက် သူ့ရဲ့အတွေ့အကြုံနဲ့ သိမြင်နိုင်စွမ်းတွေက အဓိကအရေးပါလာခဲ့ပါတယ်။ ဒါကြောင့် အခုလိုစာချုပ်သက်တမ်းတိုးမြှင့်နိုင်မှုက ချဲလ်ဆီးအတွက်တော့ ကြီးမားတဲ့ခွန်အားတစ်ရပ် ဖြစ်လာပါလိမ့်မယ်။

ဝက်စ်ဟမ်းကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ခဲ့တဲ့ ကူကူရယ်လာက လာမယ့်စနေနေ့၊ နောက်ထပ်လန်ဒန်အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာလည်း အနိုင်သုံးမှတ်အပြည့်ရရှိဖို့ အာရုံစိုက်ထားပါလိမ့်မယ်။