The network connection is lost.

Banner Image

ဂန္တဝင်နည်းပြကြီးနှစ်ဦးလက်အောက်မှာ ကစားသမားဘ၀ ဖြတ်သန်းချင်တယ်လို့ ဆိုလိုက်တဲ့ အီဗရာဟီမိုဗစ်ချ်

အေစီမီလန်အသင်းအကြံပေးပုဂ္ဂိုလ်အီဗရာဟီမိုဗစ်ချ်က အခွင့်အရေးရှိမယ်ဆိုရင် ဂန္တဝင်နည်းပြကြီးနှစ်ဦးလက်အောက်မှာ ကစားသမားဘဝဖြတ်သန်းဖို့ ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပြီး အန်ဆယ်လော့တီဦးဆောင်နေတဲ့ ဘရာဇီးလက်ရွေးစင်အသင်းနဲ့ပတ်သက်လို့လည်း ခန့်မှန်းချက်ကြီးတစ်ခု ထုတ်ပြန်လိုက်ပါတယ်။

မီလန်အကြံပေးပုဂ္ဂိုလ်က ရောမမြို့မှာ နှစ်ရက်ကြာကျင်းပတဲ့ ECA conference ဆီ တက်ရောက်လာပြီး ပြိုင်ပွဲဝင်ကလပ်အသင်း ၃၆ ခုပါဝင်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ VAR စနစ်အသုံးချမှု၊ အတိတ်နဲ့ပစ္စုပ္ပန်ကာလတွေမှာ သူစိတ်ကြိုက်အဖြစ်ဆုံးနည်းပြတွေအပါအဝင် အကြောင်းအရာများစွာမှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

အေစီမီလန်၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက်နဲ့ အေဂျက်စ်တို့မှာ ကစားသမားဘဝဖြတ်သန်းဖူးတဲ့ အသက်-၄၄ နှစ်အရွယ် အီဗရာဟီမိုဗစ်ချ်က မော်ရင်ဟို၊  ပက်ဂွါဒီယိုလာ၊ အန်ဆယ်လော့တီနဲ့ ကာပယ်လိုတို့လို ဒိတ်ဒိတ်ကြဲနည်းပြတွေနဲ့ လက်တွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့အတွက်တော့ အလုပ်တွဲလုပ်ချင်သေးတဲ့ နည်းပြအချို့လည်း ကျန်ရှိနေပါသေးတယ်။ ဘယ်နည်းပြတွေအတွက် ကစားပေးချင်သေးလဲလို့ မေးမြန်းရာမှာ အီဗရာဟီမိုဘစ်ချ်က “ ဖာဂူဆန်နဲ့ ယာဂန်ကလော့ပ်”လို့ ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီဗရာဟီမိုဗစ်ချ်က သူ့ရဲ့နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ အန်ဆယ်လော့တီနဲ့ပတ်သက်လို့ ကြီးမားတဲ့ခန့်မှန်းချက်တစ်ခုကိုလည်း ပြုလုပ်သွားခဲ့ပါတယ်။ သူက အန်ဆယ်လော့တီရဲ့ဦးဆောင်မှုအောက်မှာ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဘရာဇီးအသင်း ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အီဗရာဟီမိုဗစ်ချ်က “ ကျွန်တော့်ရဲ့မိတ်ဆွေကြီးအန်ဆယ်လော့တီနဲ့အတူ ဘရာဇီးအသင်း စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဘရာဇီးအသင်းရဲ့မျှော်လင့်ချက်တွေကို ယူဆောင်ပေးလာနိုင်တဲ့ မှော်အစွမ်းမျိုး အန်ဆယ်လော့တီမှာ ရှိပါတယ်”လို့ ပြောပါတယ်။