The network connection is lost.

Banner Image

ဂူဟီရဲ့အပြောင်းအရွှေ့ဇာတ်လမ်းအပြီး သူ့ရဲ့ရည်မှန်းချက်တွေကို ထုတ်ဖော်ပြောပြလာတဲ့ ဂလက်စ်နာ

အိုလီဗာဂလက်စ်နာက လီဗာပူးအတွက် တောင်လန်ဒန်အရပ်မှ ဂူဟီထွက်ခွာမှုအပေါ် တားမြစ်ခဲ့ပြီးနောက် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပတ်သက်လို့ သူ့ရဲ့ရည်မှန်းချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သြစတြီးယန်းလူမျိုးနည်းပြက ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပေါင် ၃၅ သန်းတန်ငွေကြေးပမာဏတစ်ရပ် ရရှိနိုင်မယ့်အရေးကို ငြင်းပယ်ကာ ကြိုးကြာနီတွေဆီ ဗဟိုခံစစ်မှူးကို မရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမားရဲ့စာချုပ်သက်တမ်းအခြေအနေအရ ခရစ္စတယ်ပဲလေ့စ်က သူတို့အသင်းခေါင်းဆောင်ကို ၂၀၂၆ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်သွားရမယ့်အခြေအနေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့မတ်လအတွင်း ဂလက်စ်နာက ဂူဟီနေရာမှာ သင့်လျော်တဲ့အစားထိုးမှုတစ်ခုရှိထားမယ်ဆိုရင် ကပ္ပတိန်ကို အသင်းမှထွက်ခွာခွင့်ပေးမယ်လို့ အသင်းဥက္ကဋ္ဌစတိဗ်ပါရစ်နဲ့ နားလည်မှုရယူထားခဲ့ပါတယ်။ အင်္ဂလန်နောက်ခံလူကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ချန်ပီယံတွေနဲ့ပူးပေါင်းဖို့ ဆန္ဒရှိပေမယ့် အပြောင်းအရွှေ့ကိစ္စကို အတင်းအကျပ်မလုပ်ဆောင်စေခဲ့ပါဘူး။

လီဗာပူးအပေါ်အနိုင်ယူခဲ့တဲ့ အပြောင်းအရွှေ့တိုက်ပွဲအပြီး ဂလက်စ်နာက အခုသီတင်းပတ်ကုန်၊ မွေးရပ်မြေသြစတြီးယားမှာပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ကလပ်အသင်းအတွက် သူ့ရဲ့အမြင်တွေကို အလေးအနက်ထားဖော်ပြသွားခဲ့ပါတယ်။

ဂလက်စ်နာက “ အသင်းအတွက် တိုးတက်နိုင်စေမယ့် အရာအချို့ကို ကျွန်တော် အမြဲတမ်းရှာဖွေပါတယ်။ ကျွန်တော်ကိုယ်တိုင် အကျိုးသက်ရောက်မှုတစ်ခုကို ဒီထက်ပိုပြီး မလုပ်နိုင်ဘူးလို့ ခံစားမိတယ်ဆိုရင် ဒီအလုပ်ကို စွန့်ခွာသွားရပါလိမ့်မယ်။ ချန်ညှိရမယ့်အရာတွေ အမြဲတမ်းရှိသလို ကစားသမားသစ်တွေနဲ့ ပေါင်းစည်းဖို့အတွက် စိတ်ကူးသစ်တွေ အမြဲတမ်းရှိပါတယ်။ ဒါကြောင့်ပဲ နည်းပြတစ်ဦးရဲ့တာဝန်တွေက အရမ်းစိတ်လှုပ်ရှားစရာကောင်းနေတာပါ။ ဒါက ဆုံးခန်းတိုင်မှုမရှိတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အခုအခြေအနေအတိုင်းမှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ကံကြမ္မာက ဂူဟီရဲ့ပုခုံးထက်မှာပဲ ရှိနေနိုင်ပါတယ်။ သူ့ရဲ့ခေါင်းဆောင်မှုနဲ့ သံမဏိလိုမာကျောလှတဲ့ ခံစစ်ပိုင်းအရည်အသွေးက ဂလက်စ်နာအတွက် အသင်းတစ်ခုတည်ဆောက်နိုင်ဖို့ အကူအညီဖြစ်စေပါတယ်။ ဒါပေမဲ့ ဂူဟီရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် လာမယ့်ဇွန်လမှာ သူထွက်ခွာသွားမယ့်အရေးအပေါ် စိုးရိမ်မှုတွေလည်း တိုးပွားလာစေပါလိမ့်မယ်။