ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းအမှန်ကို ပြန်လည်တွေ့ရှိနေပြီဖြစ်ကြောင်း အခိုင်အမာပြောကြားလာတဲ့ အမ်ဘာပေ
တနင်္ဂနွေနေ့ကညက လက်စ်ပါးမက်စ်ကို ၄-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ခီလီယန်အမ်ဘာပေက သူဟာ စပိန်မြို့တော်မှာ ခြေစွမ်းအမှန်ကို ပြန်လည်တွေ့ရှိနေပြီဖြစ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမားဟာ သွင်းဂိုး ၂ ဂိုးနဲ့အတူ ရီးရဲလ်မက်ဒရစ်ရဲ့နိုင်ပွဲအတွက် အလွန်အရေးပါခဲ့သူဖြစ်ပြီး အနိုင် ၃ မှတ်နဲ့အတူ အသင်းကို လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီမှ ဆန်တီယာဂိုဘာနေဗျူးသို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့တဲ့ အမ်ဘာပေဟာ ရာသီအစက အသင်းအတွက် ခြေစွမ်းပြသဖို့ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
သို့သော်လည်း နည်းပြကြီး ကာလို့စ်အန်ဆယ်လော့တီကတော့ ကစားသမားအပေါ် ယုံကြည်မှုအပြည့်အဝပေးခဲ့ကာ နံပါတ် ၉ နေရာမှာ ပြောင်းလဲဆော့ကစားစေခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ရီးရဲလ်မက်ဒရစ်မှာ အသားကျနေပြီဖြစ်ကြောင်းကို အမ်ဘာပေက “ဒီမှာကစားရတာ အရမ်းပျော်ပါတယ်။ အသင်းနဲ့ အတော်လေးအသားကျနေပြီဖြစ်ပြီး ကျွန်တော်ကစားချင်တဲ့ပုံစံအတိုင် ကစားလို့ရနေပါပြီ။ အသင်းဖော်တွေနဲ့လည်း တစ်သားတည်းဖြစ်နေပါပြီ။ အသင်းမှာလူတိုင်းပျော်ရွှင်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လက်စ်ပါးမားကိုအနိုင်ရခဲ့တာကြောင့် ယခုအခါ ရီးရဲလ်မက်ဒရစ်ဟာ အက်သလက်တီကိုနဲ့ ဘာစီလိုနာတို့ကိုကျော်ဖြတ်ပြီး လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကားလို့စ်အန်ဆယ်လော့တီရဲ့အသင်းဟာ လာလီဂါ ၃ ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပြီး ဒုတိယနေရာက အက်သလက်တီကိုကို ၂ မှတ်အထိဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆဲလ်ဘတ်ကို အိမ်ကွင်းဘာနေဗျူးမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းသွားမလား စောင့်ကြည့်ရပါမယ်။ အဆိုပါပွဲစဉ်အပြီး ဇန်နဝါရီ ၂၆ ရက်နေ့မှာတော့ အန်ဆယ်လော့တီရဲ့အသင်းဟာ လာလီဂါပွဲစဉ်အဖြစ် ဗယ်လာဒိုးလစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။