
အပြောင်းအရွှေ့ဈေးကွက်မဖွင့်ခင် လက်ဦးမှုရယူထားတဲ့ ချဲလ်ဆီး
ပေါ်တူဂီကလပ်က အတည်ပြုထားတဲ့အတိုင်း ချဲလ်ဆီးအသင်းက စပို့တင်းရဲ့ ဂျီယိုဗန်နီ ကွင်ဒါနဲ့ ဒါရီယို အက်ဆူဂိုတို့ကို စုစုပေါင်း ယူရို သန်း ၇၄ တန် သဘောတူညီချက်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ညနေမှာ စပို့တင်းက လာလီဂါမှာ ရုန်းကန်နေရတဲ့ လက်စ်ပါးလ်မက်စ်မှာ အငှားကစားနေတဲ့ စတားကစားသမား ကွင်ဒါနဲ့ အက်ဆူဂိုတို့ နှစ်ဦးအတွက် ပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်အသင်းကြီး ချဲလ်ဆီးအသင်းနဲ့ သဘောတူညီချက်ရရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
စပို့တင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ချဲလ်ဆီးက ကွင်ဒါအတွက် ယူရို ၅၀.၇ သန်း (ပေါင် ၄၂.၅ သန်း ၊ဒေါ်လာ ၅၅ သန်း) နဲ့ အပိုဆုကြေးအဖြစ် ယူရို ၁.၃ သန်း ပေးဖို့ သဘောတူခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ပေါ်တူဂီတောင်ပံကစားသမားက ၂၀၂၆ ခုနှစ် နွေရာသီမှာ လန်ဒန်သို့ မပြောင်းရွှေ့ခင် ပေါ်တူဂီမှာ တစ်နှစ်ကြာ ဆက်လက်နေထိုင်မှာ ဖြစ်ပါတယ်။
ကြေညာချက်တွင် အက်ဆူဂိုရဲ့ ပြောင်းရွှေ့ကြေးအတွက် ဆုံးဖြတ်ထားတဲ့ အခကြေးငွေကိုလည်း အတည်ပြုခဲ့ပါတယ်။ ချဲလ်ဆီးဟာ ကွင်းလယ်ကစားသမားအတွက် ယူရို ၂၂.၂ သန်း (ပေါင် ၁၉ သန်း ၊ ဒေါ်လာ ၂၄ သန်း) ထပ်ဆောင်းပေးချေမှာ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ကစားသမားဟာ ရာသီကုန်အထိ လက်စ်ပါးလ်မက်စ်မှာ အငှားကစားမှာဖြစ်ပြီး အဲ့ဒီနောက်မှ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးက လာမယ့်ရာသီ ချန်ပီယံလိဂ်ကို ဝင်ခွင့်ရရှိဖို့ သေချာအောင် လုပ်ချင်နေကာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးအဆင့်ကို ပြန်လည်ရောက်ရှိဖို့ ကြိုးပမ်းနေပါတယ်။ အက်ဆူဂိုနဲ့ ကွင်ဒါတို့ကို ခေါ်ယူတာက သူတို့ကို အဲဒီလိုလုပ်ဆောင်ဖို့ ကူညီပေးမယ်လို့ မျှော်လင့်ရပါတယ်။