
ရက်ရှ်ဖို့ဒ်က ဘာစီလိုနာအတွက် ကြီးမားတဲ့တိုက်စစ်အထောက်အပံ့ဖြစ်လာနိုင်တယ်လို့ဆိုလိုက်တဲ့ ဖာဒီနန်
မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က မကြာမီမှာပဲ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ဘာစီလိုနာသို့အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားတော့မယ့် တိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ရာဖင်ဟာ၊ လာမိုင်းယာမယ်လ်၊ ရောဘတ်လီဝန်ဒေါစကီးတို့နဲ့ နေရာရဖို့တိုက်ပွဲဝင်သွားရဖွယ်ရှိပေမယ့် လာလီဂါချန်ပီယံတွေအတွက် ကြီးမားတဲ့တိုက်စစ်အထောက်အပံ့ဖြစ်လာနိုင်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဘာစီလိုနာဟာ ရက်ရှ်ဖို့ဒ်ဟာ အပြီးသတ်ဝယ်ယူခွင့်ပါအငှားစာချုပ်နဲ့ ခေါ်ယူသွားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးယူရိုသန်း ၃၀ ပေးချေဖို့ သဘောတူညီထားပါတယ်။ လာမယ့်အင်္ဂါနေ့မှာတော့ အင်္ဂလန်သားဟာ ဆေးစစ်မှုတွေပြုလုပ်သွားတော့မှာဖြစ်လို့ ဘာစီလိုနာအနေနဲ့ မကြာမီမှာပဲ အပြောင်းအရွှေ့ဖြစ်မြောက်ကြောင်း ကြေညာလာဖွယ်ရှိပါတယ်။
ပြီးခဲ့တဲ့ရာသီက ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြဖြစ်လာတဲ့ ရူဘင်အာမိုရင်လက်အောက်မှာ နေရာပေးခြင်းမခံခဲ့ရတာကြောင့် အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့ထွက်ခွာခဲ့ပြီး ခြေစွမ်းပိုင်းတိုးတက်လာခဲ့ပါတယ်။ သို့သော်လည်း အင်္ဂလန်လက်ရွေးစင်အနေနဲ့ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် ၄၂ ဂိုးအထိသွင်းယူခဲ့တဲ့ လီဝန်ဒေါစကီး၊ ၅၉ ဂိုးအထိပါဝင်ပတ်သက်ခဲ့တဲ့ ရာဖင်ဟာတို့နဲ့ နေရာအတွက် ခက်ခက်ခဲခဲတိုက်ပွဲဝင်သွားရဖို့ရှိနေပါတယ်။
ဖာဒီနန်က ရက်ရှ်ဖို့ဒ်ဟာ နေရာအတွက်တိုက်ပွဲဝင်သွားရဖို့ရှိနေပေမယ့် ဘာစီလိုနာမှာ သူ့ရဲ့လမ်းကြောင်းကို ကိုယ်တိုင်ပုံဖော်ပြီး ရာဖင်ဟာ၊ လီဝန်ဒေါစကီး၊ ယာမယ်လ်တို့နဲ့မတူညီတဲ့ကစားပုံကို ပြသသွားနိုင်မယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်းက "ဘာစီလိုနာမှာဆိုရင် သူဘယ်နေရာမှာကစားမှာလဲ။ အသင်းမှာနေရာရဖို့ တိုက်ပွဲဝင်သွားရမှာပါ။ ကျွန်တော်အပါအဝင် လူအတော်များများက ဘာစီလိုနာမှာသူ့အတွက် အခွင့်အရေးမရှိဘူးလို့ထင်ကြပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း သူ့ရဲ့စွမ်းဆောင်ရည်အရဆိုရင်တော့ ဘာစီလိုနာမှာ နေရာရဖို့ မရှိပါဘူး။ ကျွန်တော်တို့အရင်ကမြင်ခဲ့တဲ့ဖူးတဲ့ ရက်ရှ်ဖို့ဒ်ကို ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ မမြင်ခဲ့ရပါဘူး"
"အရင်ကဆိုသူဟာ ပြိုင်ဘက်ကစားသမားတွေသတိမထားမိတဲ့အချိန်တွေမှာ ပြေးထွက်တာတို့၊ အဆုံးသတ်ပိုင်းတိကျတာတို့၊ မထင်မှတ်ထားတဲ့ ထောင့်တွေကနေ ဂိုးတွေကန်သွင်းတာတို့လုပ်ခဲ့တဲ့သူပါ။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ သူက ဘောလုံးကိုင်ပြီး လိမ်ခေါက်ဖို့ပဲ ကြိုးစားနေပါတယ်။ ဒါပေမယ့် သူ့ရဲ့အမြန်နှုန်းက ပြိုင်ဘက်တွေအတွက် ရင်ဆိုင်ရခက်ခဲနေတုန်းပါ။ ဒီလိုအမြန်နှုန်းနဲ့ သူ့ရဲ့ပြေးအားအရဆိုရင်တော့ သူကဘာစီလိုနာမှာ မတူညီတဲ့အကူအညီကိုပေးနိုင်မှာသေချာပါတယ်။ ရာဖင်ဟာက အမြန်နှုန်းသိပ်မရှိပါဘူး။ ယာမယ်လ်ကလည်း ဘောလုံးကိုင်ပြီး ပြိုင်ဘက်ကို ကျော်ဖြတ်တတ်တဲ့ကစားသမားမျိုးပါ။ လီဝန်ဒေါစကီးကတော့ အခွင့်အရေးကိုစောင့်နေတဲ့ တိုက်စစ်မှူးပါ။ ဒီတော့ ရက်ရှ်ဖို့ဒ်ရဲ့အမြန်နှုန်းနဲ့ ပြေးအားက အသင်းအတွက် လိုအပ်နေတဲ့အရာတစ်ခုပါ။ ဟန်ဆီဖလစ်ကလည်း ဒါကိုမြင်လို့ သူ့ကိုခေါ်ခဲ့တာဖြစ်ပါလိမ့်မယ်။ ရက်ရှ်ဖို့ဒ်က ဘာစီလိုနာကို ပိုကောင်းတဲ့အသင်းဖြစ်လာစေမယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အင်္ဂါနေ့မှာ ဆေးစစ်မှုတွေပြုလုပ်သွားမှာဖြစ်ပြီး ဘာစီလိုနာသို့ မကြာခင်မှာပဲ ထွက်ခွာသွားဖွယ်ရှိပါတယ်။ လာမယ့်ရာသီမှာတော့ ပရီးမီးယားလိဂ်ကြယ်ပွင့်အနေနဲ့ လာလီဂါမှာ ဘယ်လောက်အထိခြေစွမ်းပြသသွားနိုင်မလဲ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။