The network connection is lost.

Banner Image

ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားစာရင်းမှာ ရာဖင်ဟာမပါဝင်လို့ ဇနီးဖြစ်သူ ‌ဒေါသတကြီးတုံ့ပြန်

ယမန်နေ့ကထုတ်ပြန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွက် ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမား ၁၁ ယောက်စာရင်းမှာ ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ဟာ မပါဝင်ခဲ့တဲ့အတွက် ကစားသမားရဲ့ဇနီးဖြစ်သူ တိုင်ယာဘယ်လိုလီက ဆိုရှယ်မီဒီယာမှတစ်ဆင့် တုံ့ပြန်မှုတွေပြုလုပ်လာခဲ့ပါတယ်။ 

ယခုနှစ်အတွက် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားစာရင်းမှာ ရာဖင်ဟာရဲ့ ဘာစီလိုနာအသင်းဖော် လာမိုင်းယာမယ်လ်နဲ့ ချဲလ်ဆီးကြယ်ပွင့် ကိုးလ်ပယ်လ်မာတို့ပါဝင်လာခဲ့ပေမယ့် ဘရာဇီးသားကတော့ ချန်လှပ်ခံထားခဲ့ရတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ဘရာဇီးလက်ရွေးစင်ဟာ ဘာစီလိုနာနဲ့အတူ ပြည်တွင်းဖလား ၃ လုံးစလုံးဆွတ်ခူးနိုင်ခဲ့သလို၊ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ခုပေါင်း ၆၀ အထိပြုလုပ်နိုင်ခဲ့ကာ အံ့မခန်းခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယခုရာသီအစ ဘောလုံးဒီအော်ဆုပေးပွဲမှာ အဆင့် ၅ နေရာနဲ့သာ‌ကျေနပ်ခဲ့ရတဲ့ ရာဖင်ဟာအတွက် အဆိုပါအချိန်ကတည်းက မကျေမနပ်ဖြစ်ခဲ့ကြတဲ့ မိသားစုဝင်တွေဟာ ယခုအခါ ဖီဖာတစ်နှစ်တာအကောင်းဆုံးအသင်းမှာလည်း ပါဝင်ခွင့်မရခဲ့တာကြောင့် ပိုမိုဒေါသထွက်လာခဲ့ကြတာဖြစ်ပါတယ်။ 

၂၀၂၅ ခုနှစ်အတွက် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားစာရင်းကို ထုတ်ပြန်ကြေညာပြီးနောက်မှာ ရာဖင်ဟာရဲ့ ဇနီးလည်းဖြစ်သလို၊ အမာခံပရိသတ်လည်းဖြစ်တဲ့ တိုင်ယာက ဆိုရှယ်မီဒီယာမှတစ်ဆင့် တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တိုင်ယာဟာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ရာဖင်ဟာက ဘက်စ်ကတ်ဘောကစားသမားဖြစ်နေလို့ အဆိုပါ လူစာရင်းမှာမပါဝင်ခဲ့တာလားလို့ မေးခွန်းထုတ်ကာ ဖီဖာကို လှောင်ပြောင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ 

အကောင်းဆုံးကစားသမားဆုတွေနဲ့လွဲချော်နေပေမယ့် ရာဖင်ဟာကတော့ ဘာစီလိုနာမှာ သူ့ရဲ့ပုံမှန်ခြေစွမ်းကို ဆက်လက်ပြသနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့က အိုဆာဆူနာကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့ပါတယ်။