The network connection is lost.

Banner Image

အင်ဖန်တီနိုနဲ့ပတ်သက်လို့ မေးခွန်းတွေ ရှိနေသေးပြီး ဖီဖာကိုယ်တိုင် ပွင့်လင်းမြင်သာမှုရှိဖို့ ယူအီးအက်ဖ်အေ တောင်းဆို

FIFA Forward Enterprise (FFE) စီမံကိန်းနဲ့ ဖီဖာငြိမ်းချမ်းရေးဆုချီးမြှင့်မှု အပါအဝင် ဥက္ကဋ္ဌအင်ဖန်တီနိုရဲ့ စီမံခန့်ခွဲပုံနဲ့ပတ်သက်လို့ မေးခွန်းတွေကို နိုဝင်ဘာ ၂ ရက်နောက်ဆုံးထားပြီးဖြေရှင်းပေးဖို့ ယူအီးအက်ဖ်အေ (UEFA) က ဖီဖာ (FIFA) ဆီ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ 

ကမ္ဘာ့ဖလား အပါအဝင် ဖီဖာဦးစီးကျင်းပတဲ့ ပြိုင်ပွဲတွေရဲ့ ရှယ်ယာတချို့ကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ ရောင်းချမယ့် FFE စီမံကိန်း တင်သွင်းခဲ့သူ အင်ဖန်တီနိုကို ရာထူးမှ နုတ်ထွက်ပေးဖို့ ယူအီးအက်ဖ်အေက အစောပိုင်းကတည်းက တောင်းဆိုခဲ့ပါတယ်။ အခုတော့ ဒီစီမံကိန်းကို ပြန်လည်ဖျက်သိမ်းလိုက်ပါပြီ။

ပြီးခဲ့တဲ့သီတင်းပတ်၊ ဖီဖာကောင်စီအစည်းအဝေးမှာ လာမယ့်နှစ်၊ ဥက္ကဋ္ဌရွေးကောက်ပွဲဝင်မယ့် အင်ဖန်တီနိုက တရားဝင်တောင်းပန်စကားပြောကြားခဲ့ပါတယ်။ သူ့ရဲ့အုပ်ချုပ်ပုံအပေါ် မေးခွန်းထုတ်စရာရှိရင် စာရေးသားတင်ပြဖို့နဲ့ ဒီဇင်ဘာ ၁၆ ရက်အစည်းအဝေးမှာ ဖြေကြားပေးမယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ယူအီးအက်ဖ်အေအတွင်းရေးမှူးချုပ် သီယိုဒိုရီဒစ်က အကြောင်းအရာ ၁၂ နဲ့ပတ်သက်တဲ့ မေးခွန်း ၄၂ ခုကို အမြန်ဆုံးပြန်လည်ဖြေကြားပေးဖို့ ဖီဖာအတွင်းရေးမှူးချုပ်ဆီ တနင်္လာနေ့မှာ စာရေးသားတောင်းဆိုလိုက်ပါတယ်။

သီယိုဒိုရီဒစ်က "ဒီမေးခွန်းတွေကို အခုချက်ချင်း အဖြေပေးဖို့ လိုပါတယ်" လို့ ရေးသားခဲ့ပါတယ်။ "ဒါကို နောက်အစည်းအဝေးအထိ ရွှေ့ဆိုင်းထားလို့ မရပါဘူး။ နောင်မှာ စီမံခန့်ခွဲမှုတွေ ပြုပြင်ပြောင်းလဲမယ်ဆိုတာက အတိတ်ကာလဆုံးဖြတ်ချက်တွေအပေါ် စစ်ဆေးခြင်းနဲ့တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းတွေကို အစားမထိုးနိုင်ပါဘူး"

"ဖီဖာကိုယ်တိုင် သူတို့ရဲ့စည်းမျဉ်းတွေအတိုင်း ပွင့်လင်းမြင်သာမှုရှိရှိ သတ်မှတ်ရက်အတွင်း အပြည့်အ၀ပြန်လည်ဖြေကြားပေးဖို့ မျှော်လင့်ပါတယ်" လို့လည်း သူက ဆိုပါတယ်။

ဖီဖာပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ အင်္ဂါနေ့မှာ အခုလိုတုံ့ပြန်ပါတယ်။ "ဖီဖာရဲ့ စီမံခန့်ခွဲမှုစည်းမျဉ်းတွေအရ ကောင်စီအစည်းအဝေးတွေနဲ့ စာရွက်စာတမ်းအချက်အလက်တွေကို လျှို့ဝှက်ထားရပါမယ်"

"ကောင်စီဝင်တွေရဲ့မေးခွန်းတွေကို ဖြေဖို့ ရှိပေမဲ့ အဖွဲ့အစည်းအတွင်းပိုင်းဆက်သွယ်မှုတွေနဲ့ စာရွက်စာတမ်းတွေကို မီဒီယာဆီ ထုတ်ပြောပြီး လျှို့ဝှက်ချက်တွေကို ဖောက်ဖျက်ဖို့အတွက် အစီအစဉ် မရှိပါဘူး။ ဖီဖာကိုယ်တိုင် ဒီစည်းမျဉ်းတွေကို လိုက်နာမှုက ကောင်စီနဲ့ အဖွဲ့ဝင်တွေအပေါ် လေးစားမှု ဖြစ်မယ်လို့ ယူဆပါတယ်။ အဲ့ဒီလိုလေးစားမှုကို အမြဲထိန်းသိမ်းသွားဖို့ရှိသလို ဒီလေးစားမှုကို ထိခိုက်စေမယ့် ပြင်ပပုဂ္ဂိုလ်တွေနဲ့ ငြင်းခုံနေစရာလည်း မရှိပါဘူး" လို့လည်း ဆိုပါတယ်။

ယူအီးအက်ဖ်အေဘက်ကတော့ ဖီဖာရဲ့အခုလိုပြောကြားချက်အပေါ် ချက်ချင်းတုံ့ပြန်တာမျိုး မရှိသေးပါဘူး။ အင်ဖန်တီနိုက ၂၀၂၇ ခုနှစ်၊ မတ်လမှာ နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်သွားပါလိမ့်မယ်။ သူ့ကို ယှဉ်ပြိုင်လိုတဲ့ကိုယ်စားလှယ်လောင်းတွေကတော့ နိုဝင်ဘာ ၁၈ ရက်နောက်ဆုံးထားကာ အမည်စာရင်း တင်သွင်းသွားရပါမယ်။