ကျရှုံးခဲ့တဲ့ ကမ္ဘာ့ဖလားစီမံကိန်းကြောင့် အင်ဖန်တီနိုကိုယ်တိုင် မိမိကိုယ်ကိုယ် ဖျက်ဆီးမယ့်ခလုတ်ကို နှိပ်လိုက်တာပဲလို့ ပရီးမီးယားလိဂ်အကြီးအကဲပြောကြား
ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ ယူဆောင်လာမယ့် စီမံကိန်း ကျရှုံးသွားပြီးနောက် ဝေဖန်ခံနေရတဲ့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကို ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးမယ့်ခလုတ် နှိပ်လိုက်သူလို့ ပရီးမီးယားလိဂ်အမှုဆောင်ချုပ်ရစ်ချတ်မာစတာက ပြောပါတယ်။
ပြီခဲ့တဲ့လအတွင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့အဆင့်မြင့်အရာရှိတွေနဲ့ သဘောထားကွဲလွဲခဲ့တဲ့
ပြီးခဲ့တဲ့လက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အဆင့်မြင့်ဒါရိုက်တာတွေနဲ့ သဘောထားကွဲလွဲခဲ့တဲ့ ကီဗင်လာမိုးက ကျရှုံးသွားတဲ့စီမံကိန်းနဲ့ပတ်သက်လို့ အင်ဖန်တီနိုကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သလို တနင်္လာနေ့မှာ ဖီဖာအမှုဆောင်အရာရှိချုပ်ရာထူးမှ နုတ်ထွက်သွားပါတယ်။
အလားတူ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ကလည်း အင်ဖန်တီနိုအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သလို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)ကလည်း ဖီဖာဥက္ကဋ္ဌအပေါ် ထောက်ခံအားပေးမှုတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
"ဒါက ဖီဖာကိုယ်တိုင် ဖန်တီးခဲ့တဲ့ ပြဿနာပါ" လို့ မာစတာက ဘီဘီစီသတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။
"ဒါ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဒဏ်ရာရအောင် လုပ်လိုက်တာပါ။ အဖွဲ့အစည်းကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမယ့်ခလုတ်ကို နှိပ်လိုက်တဲ့ပုံစံဖြစ်ပြီး အဲဒီရဲ့အကျိုးဆက်တွေကတော့ အခုအချိန်မှာ အဖြေရှာဖို့ လိုအပ်နေတဲ့ ကိစ္စရပ်တွေဆီ ဦးတည်သွားနေပါပြီ။
ဖီဖာကိုယ်တိုင် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှယ်ယာတွေကို ရောင်းချဖို့အတွက် ဘယ်တော့မှ မစဉ်းစားသင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။
သူတို့က အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ အနာဂတ်အတွက် ဒီပြိုင်ပွဲကို ယုံကြည်စိတ်ချစွာ ထိန်းသိမ်းထားသင့်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
ဆက်လက်ပြီး မာစတာက "ဒါ မကောင်းတဲ့ စိတ်ကူးတစ်ခုလို့ ကျွန်တော် ထင်သလို အင်ဖန်တီနိုနဲ့ပတ်သက်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)လည်း ရပ်တည်ချက် မှန်ကန်ခဲ့ပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
လာမယ့်နှစ်မှာ ဖီဖာဥက္ကဋ္ဌရာထူးရွေးကောက်ပွဲဝင်ရဦးမယ့် အင်ဖန်တီနိုကို စိန်ခေါ်နိုင်မယ့် ပြိုင်ဘက်တစ်ဦး ထွက်ပေါ်လာနိုင်ခြေနဲ့ ပတ်သက်လို့ မာစတာက "အသစ်ပေါ်ထွက်လာမယ့် စုစည်းမှုအားကောင်းတဲ့ ဥက္ကဋ္ဌလောင်းတစ်ဦးက ဖီဖာရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရဖို့ရှိသလို ဥက္ကဋ္ဌရဲ့အခန်းကဏ္ဍနဲ့ ဒီကိစ္စရပ်တွေအပေါ် ဘယ်လိုမျိုး အပြန်အလှန်ကိုင်တွယ်ဆောင်ရွက်မလဲဆိုတဲ့ အချက်တွေကိုပါ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။