The network connection is lost.

Banner Image

အာဂျင်တီးနားကို ရှုံးနိမ့်ပြီးနောက် ဒိုင်လူကြီးအပေါ် ဝေဖန်ပြောဆိုခဲ့တဲ့ အီဂျစ်အသင်းသားနှစ်ဦးကို ဖီဖာ ပြစ်ဒဏ်ချမှတ်

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဒိုင်လူကြီးကို ဝေဖန်ခဲ့ကြတဲ့ အီဂျစ်နည်းပြဟော့ဆမ်ဟတ်ဆန်နဲ့ တိုက်စစ်မှူးမိုစတာဖာဇီကိုတို့ကို ဖီဖာက ၃ ပွဲပယ်နဲ့ ၅ ပွဲပယ် ပြစ်ဒဏ်တွေ အသီးသီးချမှတ်လိုက်တယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ရဲ့တနင်္လာနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက် ၆၀ အရွယ်နည်းပြဟတ်ဆန်က ၁၆ သင်းရှုံးထွက်အဆင့်မှ သူ့ရဲ့နိုင်ငံအသင်း ထွက်ခွာလာရမှုမှာ ဒိုင်လူကြီးရဲ့အမှားအယွင်းတွေလည်း ပါဝင်တယ်လို့ အပြစ်တင်ခဲ့သလို ဇီကိုကလည်း ပွဲစဉ်အပြီးအင်တာဗျူးမှာ ဒိုင်လူကြီးကို စော်ကားပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဟော့ဆမ်ဟတ်ဆန်ရဲ့ အမြွှာညီအစ်ကိုဖြစ်သူ အီဂျစ်လက်ရွေးစင်အသင်း ဒါရိုက်တာအီဘရာဟင်ဟတ်ဆန်ကိုလည်း ၃ ပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်(EFA)ရဲ့ထုတ်ပြန်ချက်မှာ "ဒီဆုံးဖြတ်ချက်တွေထဲမှာ ဟော့ဆမ်ဟတ်ဆန်နဲ့ အီဘရာဟင်ဟတ်ဆန်တို့ကို ၃ ပွဲစီ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်း ပါဝင်သလို ဇီကိုကိုတော့ ၅ ပွဲပယ်ပြစ်ဒဏ် ချမှတ်ထားပါတယ်" လို့ ဖော်ပြထားပါတယ်။

ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်မယ့် အခွင့်အရေးတွေကို သုံးသပ်ဖို့နဲ့ အယူခံဝင်သင့်၊ မဝင်သင့် ဆုံးဖြတ်နိုင်ဖို့အတွက် ဒီအရေးယူမှုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီဆီ တောင်းဆိုထားတယ်လို့လည်း EFA က ဆိုပါတယ်။

ပွဲစဉ်အတွင်း ဇီကိုသွင်းယူခဲ့တဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့သလို တစ်ဖက်နှစ်ဂိုးစီသရေကျနေချိန် ပွဲချိန်နှောင်းပိုင်းမှာလည်း အီဂျစ်ကစားသမားတွေရဲ့ပင်နယ်တီတောင်းဆိုမှုကို ကွင်းလယ်ဒိုင်က ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ ဖီဖာဒိုင်လူကြီးများဆိုင်ရာအကြီးအကဲကော်လီနာကတော့ ဒီပွဲစဉ်အတွင်း ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေအပေါ် အပြည့်အ၀ကာကွယ်ပေးခဲ့ပြီး အခုလိုစွပ်စွဲချက်တွေကြောင့် ဒိုင်လူကြီးတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေအပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီပွဲပယ်ပြစ်ဒဏ်တွေကြောင့် နိုဝင်ဘာလအတွင်း ကစားမယ့် မာလာဝီနဲ့ အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲအပြင် လာမယ့်မတ်လနိုင်ငံတကာသီတင်းပတ်ရဲ့ ပထမဆုံးပွဲစဉ်ကိုပါ ဟော့ဆမ်နဲ့ အီဘရာဟင်ဟတ်ဆန်တို့ လွဲချော်သွားပါလိမ့်မယ်။ ဇီကိုကတော့ လာမယ့် ဇွန်လမတိုင်ခင်အထိ လက်ရွေးစင်အသင်းမှာ ပါဝင်လာဖို့ မရှိပါဘူး။