သူ့ရဲ့အပြုအမူအပေါ် ဘာစီလိုနာလူငယ်ကစားသမားအချို့ မကြိုက်ရခြင်းအကြောင်းရင်းကို ရှင်းပြလိုက်တဲ့ လီဝန်ဒေါစကီး
လီဝန်ဒေါစကီးက ဘာစီလိုနာကစားသမားဘဝအကြောင်း ဆွေးနွေးခဲ့ပြီး ကလပ်အသင်းဆီ သူရောက်ရှိလာချိန် အစောပိုင်းကာလတွေမှာ သူ့ရဲ့စိတ်နေစိတ်ထားကို လူငယ်ကစားသမားအချို့ သဘောမတွေ့ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။
အသက်-၃၇ နှစ်အရွယ်တိုက်စစ်မှူးက ကလပ်အသင်းဆီ ပထမဆုံးအကြိမ်ရောက်ရှိလာချိန် အကြံဉာဏ်တွေ ပေးနိုင်ဖို့ ကြိုးစားရမှုအပေါ် ပျော်ရွှင်နေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဘာစီလိုနာလူငယ်ကစားသမားတွေဆီမှ သင်ယူစရာတွေ အများကြီးရှိနေတယ်ဆိုတာကို သဘောပေါက်လာခဲ့တယ်လို့ ပြောပါတယ်။
High Performance podcast အစီအစဉ်မှာ လီဝန်ဒေါစကီးက “ဘိုင်ယန်မြူးနစ်မှာ အတွေ့အကြုံပိုရင့်ကျက်ပြီး ပိုသန်မာတဲ့ ကစားသမားတွေရှိခဲ့လို့ စိတ်ဓါတ်ပိုင်းကွဲပြားခြားနားပါတယ်။ ဘာစီလိုနာနဲ့ ကျွန်တော် စာချုပ်ချုပ်ဆိုချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် ပိုသန်မာလာအောင် ကြိုးစားဖို့ လိုအပ်တဲ့ လူငယ်ကစားသမားများစွာကို တွေ့မြင်ခဲ့ပါတယ်။
ကလပ်အသင်းဘက်ကလည်း ကျွန်တော့်လိုလူတစ်ဦးတစ်ယောက် လိုအပ်ခဲ့တယ်လို့ ပြောပါတယ်။ လူငယ်ကစားသမားလေးတွေကို ကာလရှည်ထိပ်တန်းအဆင့်မျိုးမှာရှိနေအောင် သင်ကြားပေးနိုင်မယ့်၊ Gym ခန်းမမှာ လုပ်ဆောင်ရတဲ့အလုပ်တွေရဲ့ အရေးကြီးပုံနဲ့ နေ့စဉ်နေ့တိုင်းကြိုးစားအားထုတ်မှုရဲ့အကျိုးရလဒ်တို့ကို ရှင်းပြပေးနိုင်မယ့်လူမျိုးပေါ့။
ဒါပေမဲ့ နောက်ပိုင်းမှာ လူငယ်ကစားသမားလေးတွေရဲ့အကြောင်းကို သိလိုက်ရချိန် သူတို့ဆီမှ ပြန်လည်သင်ယူဖို့အတွက်လည်း ကျွန်တော် စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုအပြုအမူမျိုးကို သူတို့ မကြိုက်ဘူးဆိုတာ ကျွန်တော် စတင်မြင်တွေ့လာပြီး ဒီကစားသမားလေးတွေဟာ ဘောလုံးအကြောင်း ကောင်းကောင်းနားလည်ထားတယ်ဆိုတာလည်း ကျွန်တော်သိလာခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အခုဘာစီလိုနာကစားသမားလေးတွေအရွယ်မှာ ကျွန်တော်တို့ပရိုကစားသမားအားလုံးက ဘောလုံးအကြောင်းကို သူတို့တွေနားလည်နေသလိုမျိုး နားမလည်ခဲ့ကြဘူးလို့ ထင်ပါတယ်။ စာနာနားလည်မှုအပါအဝင် ဘောလုံးနဲ့ပတ်သက်တဲ့အရာအားလုံးကိုပေါ့။ ပြီးတော့ ဒါက ကျွန်တော့်အတွက် အများကြီးအကူအညီဖြစ်စေပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး လီဝန်ဒေါစကီးက သူနဲ့ ကလပ်အသင်းဖော်အချို့အကြား အသက်အရွယ်ကွာဟချက်ကိုလည်း မီးမောင်းထိုးပြပြီး သူ့ရဲ့ချဉ်းကပ်မှုပုံစံကို ပြောင်းလဲဖို့လိုအပ်ခဲ့တယ်လို့ နှိမ့်ချဝန်ခံခဲ့ပါတယ်။ ပိုလန်ဂိုးသွင်းစက်က “ ကျွန်တော်က မတူညီတဲ့မျိုးဆက်၊ မတူညီတဲ့ကမ္ဘာတစ်ခုမှ ရောက်ရှိလာသူ ဖြစ်ပါတယ်။ ကျွန်တော်က ဒီကစားသမားလေးတွေရဲ့ဖခင်ဖြစ်သူတွေထက် အသက်ပိုကြီးပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်က လမိုင်းယာမယ်လ်ရဲ့ဖခင်ထက် အသက်ပိုကြီးပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ဒီကစားသမားလေးတွေဆီမှ ပြန်လည်သင်ယူသွားရမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်အားပေးလေ့ရှိပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။