The network connection is lost.

Banner Image

ဂျာမနီပရိသတ်တွေ အင်္ဂလန်အသင်းပေါ် မုန်းတီးမှုတွေ လျော့ပါးလာပြီလို့ ဆိုလိုက်တဲ့ ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ဂျာမနီပရိသတ်တွေဟာ အင်္ဂလန် လက်ရွေးစင်အသင်းအပေါ် မုန်းတီးမှုတွေလျော့ပါးလာပြီး နူးနူးညံ့ညံ့ဆက်ဆံလာခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 
 
ပြီးခဲ့တဲ့နှစ်က တော့တင်ဟမ်ဟော့စပါးကနေ ဘိုင်ယန်မြူးနစ်သို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ နဲ့ပြောင်းရွှေ့လာခဲ့တဲ့ ကိန်းဟာ ၂၀၂၃-၂၄ ဘောလုံးရာသီမှာ ဂျာမန်ကလပ်အတွက် ပြိုင်ပွဲစုံ ၄၅ ပွဲကစားပြီး ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါဖလားကိုတော့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လွဲချော်စေခဲ့ပါတယ်။
 
အသင်းနဲ့အတူ ဖလားလက်မဲ့ရာသီကို စိတ်ပျက်လက်ပျက်ဖြတ်သန်းခဲ့ရသော်လည်း ကိန်းကတော့ ဂျာမနီမှာကစားခဲ့ရတဲ့ အချိန်တွေကို ပျော်ရွှင်ခဲ့ကြောင်းနဲ့ ယူရိုပြိုင်ပွဲနဲ့အတူ ပြန်လာရတဲ့အတွက်လည်း ဝမ်းသာမိတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
 
အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဆာဘီးယားနဲ့ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိန်းက “ဒီနေရာမှာ သောမတ်စ်မူလာက ကျွန်တော့်အတွက် နုတ်တစ်ခုရေးပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က သူတို့ဒီမှာရှိနေခဲ့တာကြောင့်ပါ။ အခုလို ဂျာမနီကိုပြန်လာရတာကလည်း အိမ်ကနေ အိမ်ကိုပြန်လာရသလိုပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
 
ဘောလုံးသမိုင်းတစ်လျှောက်မှာ ဂျာမနီနဲ့ အင်္ဂလန်တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာရော ယူရိုမှာပါ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ကြဖူးပါတယ်။ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းဟာ အနောက်ဂျာမနီကို ၄-၂ နဲ့ အနိုင်ရခဲ့ဖူးပြီး ၂၀၂၀ ယူရိုမှာလည်း ၁၆ သင်းအဆင့်မှာ ၂-၀ နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဂျာမနီကလည်း ၁၉၉၀ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ အင်္ဂလန်ကို အနိုင်ရခဲ့ဖူးတာကြောင့် ထိုစဉ်က အင်္ဂလန်ဟာ ဗိုလ်လုပွဲနဲ့လွဲချော်ခဲ့ရပါတယ်။
 
ဆက်လက်ပြီး ကိန်းက “ကျွန်တော်ဘိုင်ယန်မှာ ရှိကတည်းက ဒီမှာရှိတဲ့ပရိသတ်တွေက ကျွန်တော့်ကို နွေးနွေးထွေးထွေးဆက်ဆံကြပါတယ်။ ဟိုတယ်မှာတည်းတော့လည်း ဧည့်ကြိုတွေက လာနှုတ်ဆက်ကြပါသေးတယ်။ ဂျာမနီပရိသတ်တွေက အင်္ဂလန်ကို အနိုင်ရစေချင်နေတယ်လို့ ပြောတာမဟုတ်ပါဘူး။ သူတို့မှာ အင်္ဂလန်နဲ့ပတ်သက်ပြီး အရင်လိုမုန်းတီးမှုတွေမရှိတော့ဘဲ နူးညံ့လာတယ်လို့ပြောချင်တာပါ” လို့ ပြောကြားခဲ့ပါတယ်။