
အာမိုရင်က ယူနိုက်တက်ကို လမ်းကြောင်းမှန်ပေါ်ပြန်ပို့ပေးနိုင်မယ်လို့ ယုံကြည်ကြောင်းပြောကြားလာတဲ့ မာတီနက်ဇ်
မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က နည်းပြ ရူဘင်အာမိုရင်ဟာ အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့ အရည်အချင်းရှိကြောင်းနဲ့ ပေါ်တူဂီသားလက်အောက်မှာ အသင်းဟာ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်မယ်လို့ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်မှ အဲရစ်တန်ဟက်ထွက်ခွာသွားပြီးနောက် အာမိုရင်တစ်ယောက် အသင်းသို့စတင်ပြောင်းရွှေ့လာခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာတော့ အောင်မြင်မှုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ ပေါ်တူဂီသားနည်းပြအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အသားကျဖို့ရုန်းကန်နေခဲ့ရပြီး နောက်ဆုံးပရီးမီးယားလိဂ် ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရရှိတဲ့အထိ အခြေအနေဆိုးဝါးခဲ့တာလည်းဖြစ်ပါတယ်။
အာမိုရင်အနေနဲ့ ယူနိုက်တက်ကို ယူရိုပါလိဂ်ဗိုလ်လုပွဲသို့တက်လှမ်းစေခဲ့ပေမယ့် ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့တာကြောင့် နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ လွဲချော်စေခဲ့ပါတယ်။ ယခုအခါမှာတော့ အာမိုရင်အနေနဲ့ ယူနိုက်တက်ကို ရာသီအစကတည်းက ကိုင်တွယ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခွင့်ရထားတာကြောင့် ၂၀၂၅-၂၆ ရာသီမှာ တိုးတက်မှုတွေ ပြသသွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ယခုအခါမှာတော့ မာတီနက်ဇ်က “လောလောဆယ်မှာ အသင်းက ပြောင်းလဲမှုတွေပြုလုပ်နေတဲ့အချိန်ပါ။ ဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားခဲ့ပြီးကတည်းက အသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိမနေခဲ့ပါဘူး။ တန်ဟက်က အေဂျက်စ်မှာ အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပြီး ဒါကြောင့်ပဲ သူယူနိုက်တက်ကိုရောက်ရှိခဲ့ပါတယ်။ သူ့ကျေးဇူးကြောင့်ပဲ ကျွန်တော်လည်း ဒီကိုရောက်လာခဲ့တာပါ”
“ဒါပေမယ့် ဘဝက တစ်ခါတလေမှာ လောင်းကစားတစ်ခုလိုပါပဲ။ အလုပ်ဖြစ်တဲ့အခါရှိပြီး အလုပ်မဖြစ်တဲ့အချိန်တွေလည်းရှိပါတယ်။ အသင်းမှာ တစ်ခုခုကအလုပ်မဖြစ်ဘူးဆိုရင်တော့ ပြောင်းလဲမှုပြုလုပ်ဖို့လိုအပ်ပါတယ်။ ယူနိုက်တက်က အခုချိန်မှာလည်း ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းအဖြစ် ရပ်တည်နေဆဲပါ” “ရူဘင်အာမိုရင်ရောက်လာချိန်မှာတော့ သူက အသင်းအတွက် စွမ်းအင်တွေယူလာပေးခဲ့ပါတယ်။ သူက အသင်းအတွက်လိုအပ်တဲ့ပြောင်းလဲမှုတွေပြုလုပ်ပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြောင်းလဲမှုတွေပြုလုပ်ဖို့လိုအပ်တယ်ဆိုတာတော့ အမှန်ပါပဲ။ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း အသင်းရဲ့အခြေအနေက လက်မခံနိုင်စရာဖြစ်ခဲ့လိုပါ” လို့ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာတော့ မာတီနက်ဇ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်နေရပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ဟာ ၂၀၂၅ ခုနှစ်အစောပိုင်းကတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာလည်းဖြစ်ပါတယ်။