
ဘောလုံးသမားတွေမှာ ပြီးပြည်စုံတဲ့ဘဝမရှိဘူးလို့ ရင်ဖွင့်လာတဲ့ ကူကူရယ်လာ
ချဲလ်ဆီးနောက်ခံလူ မာ့ခ်ကူကူရယ်လာဟာ စတန်းဖို့ဒ်ဘရစ်ချ်သို့စတင်ရောက်ရှိချိန်မှာ ကိုယ့်အသင်းပရိသတ်တွေရဲ့ ဝေဖန်လှောင်ပြောင်မှုတွေနဲ့ ကြုံတွေ့ခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ ဘောလုံးသမားတွေမှာ ပြီးပြည့်စုံတဲ့ဘဝမရှိဘူးလို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အသက်-၂၆ နှစ်အရွယ်ကစားသမားဟာ ဘရိုက်တန်မှာတောက်ပလာခဲ့သူဖြစ်ပေမယ့် ချဲလ်ဆီးက ပေါင် ၆၂ သန်းအထိ အကုန်ကျခံပြီးခေါ်ယူခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ စပိန်သားကို အတော်လေးအထင်ကြီးခဲ့ကြပါတယ်။ သို့သော်လည်း ချဲလ်ဆီးသို့စတင်ရောက်ရှိချိန်မှာ ကူကူရယ်လာဟာ ဒဏ်ရာပြဿတွေနဲ့ရုန်းကန်ခဲ့ရပြီး ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေက ပြောင်းရွှေ့ကြေးနဲ့မထိုက်တန်တဲ့ကစားသမားအဖြစ် ဝေဖန်ခဲ့ကြပါတယ်။
ကူကူရယ်လာက “ကျွန်တော်ဒီကိုစရောက်တုန်းက အသင်းမှာ အပြောင်းအလဲတွေအများကြီးဖြစ်နေလို့ အတော်လေးခက်ခဲခဲ့ပါတယ်။ ကျွန်တော်က ဘောလုံးသယ်ပြီး ပွဲရဲ့အဖြေကိုပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ ကစားသမားမျိုးမဟုတ်ပါဘူး။ ကျွန်တော်က အသင်းရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ကစားပုံတိုးတက်အောင်ပံ့ပိုးပေးနိုင်တဲ့ ကစားသမားတစ်ယောက်ပါပဲ”
“ဒီတော့ အသင်းကိုစရောက်ချိန်မှာ ပရိသတ်တွေက တန်ကြေးကိုကြည့်ပြီး ပွဲတိုင်းမှာဂိုးသွင်းနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပုံပါပဲ။ ဒါပေမယ့် ချဲလ်ဆီးအတွက်စကစားခဲ့ရတဲ့ ပထမဆုံးပွဲမှာ ကျွန်တော်မပျော်ရွှင်ခဲ့ပါဘူး။ အသင်းကနိုင်တဲ့အချိန်မှာ ကျွန်တော့်ကို အရေးပါတဲ့ကစားသမားအဖြစ် အသိအမှတ်ပြုကြပေမယ့် ရှုံးရင်တော့ ကျွန်တော်မကောင်းလို့ဆိုပြီး ဝေဖန်ခဲ့ကြပါတယ်”
“လူတိုင်းက ဘောလုံးသမားတွေမှာ ပြီးပြည့်စုံတဲ့ဘဝတွေရှိနေတယ်လို့ထင်နေကြပါတယ်။ ဒါပေမယ့် ဘောလုံးသမားတွေက သာမန်ဘဝနဲ့ပဲ နေကြရသူတွေပါ။ လူတိုင်းမှာရှိတဲ့ပြဿနာမျိုး ကျွန်တော်တို့မှာလည်းရှိနေပါတယ်။ ကျွန်တော့်ကိုလူတွေက ဘောလုံးအပေါ်မှာအာရုံမစိုက်ဘဲ ကင်မရာကိုပဲအာရုံစိုက်နေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် သူတို့ဘယ်လိုပြောပြောကျွန်တော့်အတွက်တော့ ကိစ္စမရှိပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ဒဏ်ရာပြဿနာကင်းစင်ပြီးနောက်ပိုင်းမှာတော့ ကူကူရယ်လာဟာ ချဲလ်ဆီးအတွက်ရော၊ စပိန်လက်ရွေးစင်အသင်းအတွက်ပါ ပုံစံကောင်းပြသနိုင်ခဲ့ပြီး ၂၀၂၄ ယူရိုချန်ပီယံရှစ်ဆုဖလားကို နိုင်ငံအသင်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လာမယ့်တနင်္လာနေ့နံနက်မှာတော့ ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ပီအက်စ်ဂျီတဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး အသင်းနဲ့အတူ ကွန်းဖရန့်လိဂ်ဆုဖလားကိုဆွတ်ခူးထားနိုင်တဲ့ကူကူရယ်လာတစ်ယောက် နောက်ထပ်ဆုဖလားတစ်လုံး ထပ်မံသိမ်းပိုက်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။