
ဒီနှစ်ရာသီ ချန်ပီယံလိဂ်ထက် လာလီဂါကိုသာ အာရုံစိုက်သွားမယ်လို့ ဟန်စီဖလစ်ခ်အတည်ပြု
ဘာစီလိုနာနည်းပြ ဟန်စီဖလစ်က ချန်ပီယံလိဂ်ထက် လာလီဂါပြိုင်ပွဲကို ဦးစားပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ပြည်တွင်းလိဂ်မှာ အမှတ်ကွာဟနေပေမယ့် ဒီရာသီမှာ လာလီဂါဖလားရရှိဖို့ကို ပိုမို အလေးထားသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ၇ မှတ် ကွာဟနေပေမယ့် ဂျာမန်နည်းပြက လိဂ်ဖလားရရှိရေးကို ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။
အပြောင်းအရွှေ့ကာလ မကုန်ဆုံးခင် ကစားသမားသစ် ခေါ်ယူမှု လုပ်မလားဆိုတဲ့ မေးခွန်းကို ဖလစ်က "ကလပ်အနေအထားကို ခင်ဗျားတို့က ပိုသိပါတယ်။ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ကျွန်တော့်ကစားသမားတွေ၊ အသင်းရဲ့ အနေအထားနဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်ကို ကျေနပ်မိပါတယ်။ ဒီအသင်းနဲ့ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့က လေ့ကျင့်ရေးမှာ အန်ဒရီယက်စ် ခရစ္စတန်ဆန် ညာခြေသလုံးသား ဒဏ်ရာရသွားခဲ့ပြီး ၃ ပတ်လောက် နားရမယ်လို့လည်း ဘာစီလိုနာအသင်းက တရားဝင် ထုတ်ပြန်ထားပါတယ်။ ဖရန်ကီဒီဂျောင်ရဲ့ စာချုပ်သက်တမ်း ၁၈ လပဲ ကျန်တော့တဲ့အပေါ် ဖလစ်က "လက်ရှိအခြေအနေကိုပဲ အာရုံစိုက်နေပါတယ်။ ဒကေိုက သူ့အလုပ်ကို လုပ်နေပါတယ်။ ဖရန်ကီက နံပါတ် ၆၊ နံပါတ် ၈ နေရာတွေမှာ ကောင်းကောင်းကစားပြနေပါတယ်" လို့ မှတ်ချက်ပြုခဲ့ပါတယ်။
လာလီဂါနဲ့ ချန်ပီယံလိဂ်ထဲက ဘယ်ဖလားကို ရနိုင်ခြေများသလဲဆိုတဲ့ မေးခွန်းကို ဖလစ်က "ကျွန်တော့်အတွက်တော့ လာလီဂါက အရေးအကြီးဆုံးပါ။ နှစ်ကုန်မှ အကဲဖြတ်ကြမယ်။ ချန်ပီယံလိဂ်ကတော့ အနိုင်ရဖို့ အခက်ခဲဆုံး ပြိုင်ပွဲဖြစ်နိုင်ပါတယ်။ အထောက်အကူဖြစ်စေဖို့ အတ္တလန္တာကို အကောင်းဆုံး အနိုင်ရအောင် ကြိုးစားရမှာဖြစ်ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။
ဘာစီလိုနာဟာ အုပ်စုအဆင့်မှာ ထိပ်ဆုံးရဖို့ အခွင့်အလမ်း အနည်းငယ်ရှိနေပြီး လီဗာပူးက ပီအက်စ်ဗွီအသင်းကို ရှုံးမှသာ ဖြစ်နိုင်ပါတယ်။ ဘာစီလိုနာက ဒုတိယနေရာနဲ့ အဆင့် ၁၆ သင်း အဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့် ရထားပြီးဖြစ်ပါတယ်။