စပေါ်တီဖိုင်းနူးကမ့်ကွင်းသစ်ကြီးမှာ နိုင်ပွဲရခဲ့လို့ ဝမ်းသာမိကြောင်းပြောကြားလာတဲ့ ဟန်ဆီဖလစ်
ဘာစီလိုနာဟာ စနေနေ့ညက ဘီလ်ဘာအိုနဲ့ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်ကို စပေါ်တီဖိုင်းနူးကမ့်ကွင်းသစ်ကြီးမှာ ကစားခဲ့တာဖြစ်ပြီး ၄-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် နည်းပြဟန်ဆီဖလစ်က အခုလို ကွင်းသစ်မှာ နိုင်ပွဲရရှိခဲ့တဲ့အတွက် ဝမ်းသာမိကြောင်းပြောကြားလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ဘာစီလိုနာအတွက်ဂိုးတွေကို ရောဘတ်လီဝန်ဒေါစကီး၊ ဖာရန်းတော့ရက်စ်နဲ့ ဖာမင်လိုပက်ဇ်တို့က အသီးသီးသွင်းယူပေးခဲ့ကြတာဖြစ်ပြီး အဆိုပါနိုင်ပွဲကြောင့် ဘာစီလိုနာဟာ အမှတ်ပေးဇယားထိပ်ဆုံးသို့ ခေတ္တတက်လှမ်းနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ဟန်ဆီဖလစ်က "ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ဒီပွဲမှာ အရာရာအဆင်ပြေခဲ့ပါတယ်။ ပွဲကို ထိန်းချုပ်နိုင်ခဲ့သလို၊ လိုအပ်တဲ့အချိန်မှာ ဂိုးတွေလည်းသွင်းနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်က အမြင့်ဘောတွေနဲ့ ဖိအားပေးကစားခဲ့ပေမယ့် ကျွန်တော်တို့က ဘောလုံးပေးပို့မှုလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ စနစ်တကျကစားနိုင်ခဲ့ပါတယ်။ ဒီထက်ပိုပြီး ဂိုးတွေသွင်းနိုင်ဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် ဘီလ်ဘာအိုကလည်း အသင်းကောင်းတစ်သင်းပါ။ တစ်ခါတလေမှာအရာရာအဆင်ပြေနေတဲ့နေ့မျိုးရှိပါတယ်။ အဲဒါက ဒီလိုနေ့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စပေါ်တီဖိုင်းနူးကမ့်ကွင်းသစ်ကြီးထဲမှာ ဘာစီလိုနာနည်းပြချုပ်အဖြစ် ပထမဆုံးအကြိမ်ကိုင်တွယ်ခွင့်ရခဲ့တဲ့အပေါ် ဂျာမန်သားနည်းပြက "ဒါက နည်းပြတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေအတွက်ပါ ထူးခြားတဲ့ပွဲစဉ်ဖြစ်ပါတယ်။ တကယ်ကိုအံ့ဩစရာကောင်းခဲ့ပါတယ်။ မလွယ်ကူခဲ့ပေမယ့် အကုန်အဆင်ပြေခဲ့ပါတယ်။ ဂိုးမပေးခဲ့ရသလို၊ ၄ ဂိုးအထိသွင်းနိုင်ခဲ့လို့ ကျေနပ်မိပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပီဒရီနဲ့ ဖရန်ကီဒီဂျောင်တို့ မပါဝင်နိုင်ချိန် ကွင်းလယ်မှာ ခြေစွမ်းပြ ကစားသွားခဲ့တဲ့ အဲရစ်ဂါစီယာကိုလည်း ဖလစ်က ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ဖလစ်က "နည်ပြတစ်ယောက်အနေနဲ့ သူ့လိုကစားသမားတစ်ယောက်ရထားတာ အရမ်းကောင်းပါတယ်။ တစ်ပတ်လုံးလုံးသူ့ကို ကွင်းလယ်မှာလေ့ကျင့်ပေးခဲ့တာပါ။ သူဒီနေရာမှာ ကောင်ကောင်းကစားနိုင်ခဲ့လို့ ကျွန်တော်အတော်လေးကျေနပ်တယ်" လို့ပြောကြားခဲ့ပါတယ်။
ခေါင်းထိခိုက်မိတာကြောင့် ပထမပိုင်းအပြီးလူစားလဲခဲ့ရတဲ့ အလီဂျန်ဒရိုဘယ်လ်ဒီရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ဖလစ်က "သူအဆင်ပြေပါတယ်။ ခေါင်းကို ထခိုက်မိတာဖြစ်လို့ ပထမပိုင်းအပြီးမှာပဲ ကျွန်တော်တို့လူစားလဲဖို့ဆုံးဖြတ်ခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။