ဒူးဒဏ်ရာပြင်းထန်မှုကြောင့် ရက်သတ္တပတ်အတော်ကြာ အနားယူရမယ့် ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်
နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ဒူးအရွတ်ပြဲဒဏ်ရာနဲ့ ပြန်လာခဲ့တာကြောင့် ကွင်းပြင်ပမှာ ရက်သတ္တပတ်အတော်ကြာ အနားယူရတော့မယ်လို့ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းက အတည်ပြုပြောကြားလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဒီဂျောင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒူးမှာ ပတ်တီးအထူကြီးပတ်ပြီး ကစားခဲ့တာဖြစ်ပါတယ်။ နယ်သာလန်အသင်းဟာ ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ပင်နယ်တီနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ "ဒဏ်ရာက အစပိုင်းမှာ ထင်ထားတာထက် ပိုပြီးပြင်းထန်ပါတယ်။ တော်သေးတာတစ်ခုကတော့ အခုအချိန်မှာ ခွဲစိတ်မှုလုပ်ဖို့ မလိုတာပါပဲ၊ အခုတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ကိုပဲ အပြည့်အဝ အာရုံစိုက်နေပါတယ်" လို့ ဒီဂျောင်က ကြာသပတေးနေ့မှာ သူ့ရဲ့ အင်စတာဂရမ်ကနေတစ်ဆင့် ရေးသားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ သြဂုတ်လ ၂၃ ရက်နေ့မှာ အယ်လ်ချီအသင်းနဲ့ သွားရောက်ကစားရမယ့်ပွဲစဉ်နဲ့အတူ လာလီဂါဖလား သုံးနှစ်ဆက်တိုက်ရရှိဖို့ ကြိုးပမ်းမှုကို စတင်မှာဖြစ်ပါတယ်။