ဝေဖန်သူတွေဟာ ဘောလုံးအကြောင်းကို နားမလည်ကြဘူးလို့ ဖရန်ကီဒီယောင် တုံ့ပြန်
နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယောင်က လူအတော်များများဟာ "ဘောလုံးအကြောင်းကို နားမလည်ကြဘူး" လို့ ပြောဆိုပြီး ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
နယ်သာလန်အသင်းဟာ ဖီဖာကမ္ဘာ့ဖလား အုပ်စု (F) ပွဲစဉ်မှာ ဆွီဒင်အသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒါဟာ သူတို့ရဲ့ အကောင်းဆုံး ကမ္ဘာ့ဖလားခြေစွမ်းပြပွဲစဉ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒူးဒဏ်ရာအနည်းငယ်ကြောင့် ပါဝင်ကစားနိုင်ဖို့ မသေချာဖြစ်နေခဲ့တဲ့ ဒီယောင်ဟာ အဲဒီပွဲမှာ ၅၉ မိနစ်ကြာ ပါဝင်ကစားခဲ့ပြီး တိုက်စစ်ဇုန်အတွင်း ဘောလုံးပေးပို့မှု အများဆုံး (၁၁ ကြိမ်ပေး၊ ၁၁ ကြိမ်စလုံး တည့်) နဲ့ ဘောလုံးပြန်လည်လုယူမှု (၇ ကြိမ်) စတဲ့ မှတ်တမ်းကောင်းတွေကို တခြားကစားသမားတွေထက် ပိုမိုရရှိခဲ့ပါတယ်။
ဒီယောင်ဟာ နယ်သာလန်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ဘဲ ဘေးတိုက်နဲ့ နောက်ပြန်ပေးရုံပဲ တတ်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို မကြာခဏ ခံနေရသူလည်း ဖြစ်ပါတယ်။
ဒတ်ချ်ဘောလုံးစကားဝိုင်းတစ်ခုဖြစ်တဲ့ Vandaag Inside နဲ့ အင်တာဗျူးမှာတော့ ဒီယောင်က ဝေဖန်သူတွေကို ပြတ်ပြတ်သားသား အခုလို တုံ့ပြန်ခဲ့ပါတယ်။
"ကျွန်တော် ခံစားရတာကတော့... လူအတော်များများဟာ ဘောလုံးအကြောင်းကို တကယ်ကြီး နားမလည်ကြတာပါ။ သူတို့ ကြည့်တော့ ကြည့်နေကြတာပဲ၊ ဒါပေမဲ့ ဘောလုံးရဲ့ သဘောသဘာဝကိုတော့ မြင်အောင် မကြည့်တတ်ကြဘူး" လို့ ဒီယောင်က ပြောပါတယ်။
"ဒါကတော့ ကိစ္စမရှိပါဘူး၊ ဘယ်သူမဆို ဝေဖန်ပြောဆိုနိုင်ပါတယ်။ ကျွန်တော့်ရဲ့ တာဝန်က ဘာလဲဆိုတာကတော့ အရမ်းကို ရှင်းပါတယ်။ ဒါပေမဲ့ တချို့လူတွေကို ရှင်းပြဖို့ကတော့ နည်းနည်းခက်လိမ့်မယ် ထင်တယ်။ တစ်နေ့ကျရင် သူတို့ဘေးမှာ ထိုင်ပြီးတော့ကို သေသေချာချာ ရှင်းပြရမလားပဲ" လို့ သူက ဆိုပါတယ်။
ဆွီဒင်ကို နိုင်တဲ့ပွဲအပြီးမှာ နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်ကလည်း ဘာစီလိုနာကြယ်ပွင့် ဒီယောင်ဟာ "ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ယောက်" ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ ဒီယောင်က ဗန်ဒိုက်ရဲ့ ချီးကျူးမှုကို ကျေးဇူးတင်သလို ဒါဟာ နယ်သာလန်ပရိသတ်တွေအတွက် နမူနာယူစရာပဲလို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
"နယ်သာလန်မှာဆိုရင် ပရိသတ်တွေအနေနဲ့ ကစားသမားတွေအပေါ် အသိအမှတ်ပြုမှု ပိုပေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကစားသမားတစ်ယောက် ကောင်းကောင်းမကစားနိုင်ရင် ဝေဖန်လို့ရပါတယ်၊ အဲဒါကို ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ဝေဖန်မှုတွေက နယ်ကျွံလာတတ်ပါတယ်။ လူတွေက သူတို့ကိုယ်သူတို့ လူသိများအောင် တစ်ခုခု အော်ဟစ်ပြောဆိုချင်နေကြသလိုပဲ ကျွန်တော် ခံစားရတယ်" လို့ ပြောဆိုခဲ့ပါတယ်။
နယ်သာလန်အသင်းဟာ သူတို့ရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ဇွန်လ ၂၅ ရက်၊ ကြာသပတေးနေ့ (ဇွန်လ ၂၆ ရက်၊ သောကြာနေ့ မနက် ၀၁:၀၀ CEST စံတော်ချိန်) မှာ တူနီးရှားအသင်းနဲ့ အမေရိကန်နိုင်ငံ၊ ကန်ဆက်စီးတီးမြို့က Arrowhead Stadium ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။