
ရီးရဲလ်မက်ဒရစ်မှာဆိုရင် ဟာလန်း အခုထက်ပိုပြီး ဂိုးတွေသွင်းနိုင်လိမ့်မယ်လို့ သုံးသပ်လာတဲ့ ကော်တိုရစ်
ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တိုရစ်က မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းရဲ့ကစားပုံဟာ အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျဖြစ်နိုင်တာကြောင့် နော်ဝေးသားအနေနဲ့ ဆန်တီယာဂိုဘာနေဗျူးမှာဆိုရင် အခုထက်ပိုပြီး ဂိုးတွေသွင်းနိုင်လိမ့်မယ်လို့ သုံးသပ်ပြောကြားလာခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်မှာ တောက်ပတဲ့ခြေစွမ်းတွေနဲ့အတူ ဂိုးတွေဆက်တိုက်သွင်းယူနေခဲ့တဲ့ ဟာလန်းကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် ကစားသမားက မန်စီးတီးကိုသာ ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အီတီဟတ်သို့မရောက်ခင်မှာ ဟာလန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကောလာဟလတွေလည်း အတော်လေးထွက်ပေါ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီစူပါစတား ခီလီယန်အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အနေနဲ့ အာလင်းဟာလန်းကိုသာ ခေါ်ယူထားနိုင်ခဲ့မယ်ဆိုရင် လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုခေတ်အလွန် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်အတွဲကို အသင်းမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း ဟာလန်းဟာ မကြာမီကမှ မန်စီးတီးနဲ့ ၂၀၃၄ ခုနှစ်အထိ ကာလရှည်စာချုပ်သစ် ချုပ်ဆိုထားခဲ့ပါတယ်။
သို့သော်လည်း ကော်တိုရစ်ကတော့ ဟာလန်းဟာ အသင်းရဲ့ကစားပုံနဲ့ အံဝင်ခွင်ကျဖြစ်နေလို့ ဘာနေဗျူးသို့သာ ရောက်ရှိခဲ့မယ်ဆိုရင် အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်တွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့လို ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ ကော်တိုရစ်က "ကျွန်တော်တို့ ဘန်ဇီမာဆီကနေ ဒီလောက်အထိ ဂိုးတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရော်နယ်ဒိုရှိနေခဲ့လို့ပါ။ ရော်နယ်ဒိုက စူပါစတားဖြစ်နေချိန် ဘန်ဇီမာကတော့ နောက်ကနေ ပံ့ပိုးပေးနေတဲ့ အသင်းဖော်တစ်ယောက်ပါပဲ။ ရော်နယ်ဒိုက ဂိုးတွေအများကြီးသွင်းနိုင်တယ်လေ။ ဒါပေမယ့် သူထွက်သွားတဲ့အချိန်မှာတော့ သူ့နေရာကို ဘန်ဇီမာရောက်လာတာပါပဲ"
"နေရာမှန်ကိုရောက်ရင် ဘယ်သူမဆို ပိုကောင်းလာတာချည်းပါပဲ။ ဒါကြောင့် ဟာလန်းဆိုရင်လည်း ကျွန်တော်တို့အသင်းမှာ ဂိုးတွေအများကြီးသွင်းနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့အသင်းက တိုက်စစ်အားသန်တဲ့အသင်းဖြစ်နေလို့ပါ။ ဟာလန်းက ပြိုင်ဘက်ဂိုးဧရိယာထဲမှာ အမြဲတမ်းအဆင့်သင့်ရှိနေတတ်တဲ့ကစားသမားပါ။ ကျွန်တော်တို့အသင်းက ဂိုးဧရိယာထဲရောက်ဖို့ လုံလောက်တဲ့ အရည်အသွေးရှိနေလို့ ဟာလန်းအနေနဲ့ အခွင့်အရေးတွေအများကြီးရပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့နံနက်က ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးကို ချန်ပီယံလိဂ်ပလေးအော့ဖ်မှာ အနိုင်ယူပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်လှမ်းထားပါတယ်။ သို့သော်လည်း ဟာလန်းကတော့ ဒဏ်ရာပြဿနာကြောင့် အဆိုပါပွဲစဉ်ကို ဝင်ရောက်ကစားနိုင်ခဲ့ခြင်းမရှိဘဲ အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါပွဲစဉ်အဖြစ် ဂျီရိုနာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မန်စီးတီးနဲ့ဟာလန်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ယှဉ်ပြိုင်သွားရပါမယ်။