The network connection is lost.

Banner Image

ဂျက်ဆန်အနေနဲ့ ဟာလန်းနဲ့ ဆာလက်တို့လောက်ဘာကြောင့် ဂိုးမသွင်းနိုင်တာလဲ ရှင်းပြလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက အသင်းရဲ့တိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်အနေနဲ့ မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းနဲ့ လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလက်တို့လောက် ဘာကြောင့် ဂိုးမသွင်းနိုင်တာလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ ဂျက်ဆန်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲကစားထားရာမှာ ၉ ဂိုးသွင်းယူထားနိုင်ခဲ့ပေမယ့် နောက်ဆုံး ၄ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး ချဲလ်ဆီးအနေနဲ့လည်း အဆိုပါ ၄ ပွဲစလုံးမှာ နိုင်ပွဲရှာမတွေ့ခဲ့ပါဘူး။ တစ်ဖက်မှာ ဟာလန်းက ပွဲ ၂၀ ကစား ၁၆ ဂိုးအထိသွင်းယူထားနိုင်သလို၊ ဆာလက်ကလည်း ၁၉ ပွဲမှာ ၁၈ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် ဂျက်ဆန်ရဲ့ဂိုးသွင်းနှုန်းက အဆိုပါကစားသမားတွေနဲ့နှိုင်းယှဉ်လိုက်ရင် အတော်လေးကို လျော့နည်းနေတာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ မာရက်စ်ကာက သူ့ရဲ့တိုက်စစ်မှူးဟာ အသင်းမှာပင်နယ်တီကန်ခွင့်မရတာကြောင့် ဂိုးသွင်းနှုန်းကျဆင်းနေတာဖြစ်တယ်လို့ ကာကွယ်ပြောကြားလာခဲ့ပြီး လက်ရှိအချိန်မှာ ချဲလ်ဆီးရဲ့ ပင်နယ်တီကန်သွင်းတဲ့တာဝန်ကို ကိုးလ်ပယ်လ်မာ ရယူထားတာဖြစ်ပါတယ်။ ယခုရာသီမှာ ဆာလက်ဟာ ပင်နယ်တီသွင်းဂိုး ၅ ဂိုးအထိရရှိထားပြီး ဟာလန်းက ၁ ဂိုးရရှိထားပေမယ့် ဂျက်ဆန်ကတော့ ပင်နယ်တီကန်ခွင့်ပင်မရသေးပါဘူး။ 

မာရက်စ်ကာက “ကျွန်တော့်အနေနဲ့ဂျက်ဆန်ကို အခုပုံစံအတိုင်းပဲ ဆက်ကြိုးစားဖို့ အကြံပေးချင်ပါတယ်။ ရာသီအစမှာ သူဂိုးတွေတောက်လျှောက်သွင်းခဲ့ပေမယ့် အခုချိန်မှာတော့ ဂိုးပေါက်ပျောက်နေပါတယ်။ ကျွန်တော်တို့က ဂျက်ဆန်ကို ဂိုးမသွင်းနိုင်တဲ့အပေါ် အပြစ်တင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် စွမ်းဆောင်ရည်မကောင်းရင်တော့ ပြောစရာတွေရှိလာမှာပါ။ ပြီးခဲ့တဲ့ရာသီက သူပင်နယ်တီမပါဘဲ ၁၄-၁၅ ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။ ဟာလန်း၊ ဆာလက်နဲ့ ပယ်လ်မာတို့ကတော့ ပင်နယ်တီတွေကြောင့် ဂိုးတွေများနေတာပါ”
“သာမန်တိုက်စစ်မှူးတစ်ယောက်က ပရီးမီးယားလိဂ်မှာ ၁၄-၁၅ ဂိုးသွင်းနိုင်တယ်ဆိုရင် ပင်နယ်တီပါထပ်ပေါင်းလိုက်ရင် ဂိုး ၂၀ လောက်အသာလေးရပါတယ်။ အခုနှစ်မှာ သူ ၉ ဂိုး ၁၀ ဂိုးလောက်အထိသွင်းပြီးပြီဆိုတော့ ပင်နယ်တီသာကန်ခွင့်ရရင် ၁၃ ဂိုး ၁၄ ဂိုးလောက်ဖြစ်နေပါပြီ။ သူအခုလည်း အရမ်းကြိုးစားနေပါတယ်။ ဂိုးတွေလည်းထပ်ရဦးမှာသေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ကြာသပေတေးနေ့မှာတော့ ချဲလ်ဆီးဟာ ဘုန်းမောက်ကို အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်လည်ရယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။ လောလောဆယ်မှာတော့ မာရက်စ်ကာရဲ့အသင်းဟာ ၄ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးမှုနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၁၀ မှတ်အကွာ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။