
အသင်းစတားရဲ့အပြောင်းအရွှေ့အခြေအနေအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ နည်းပြ ဂလက်စ်နာ
အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတဲ့ ပဲလေ့စ်စတား အီဇီးတစ်ယောက် အသင်းကနေမထွက်ခွာဖို့ မျှော်လင့်မိကြောင်း နည်းပြ ဂလက်စ်နာက မျှော်လင့်နေပါတယ်။ အီဇီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပဲလေ့စ်အသင်း အက်ဖ်အေဖလားချန်ပီယံ နဲ့ ပရီးမီးယားလိဂ်စံချိန်တင်ရမှတ်ရယူနိုင်ရာမှာ အဓိကနေရာက ပါဝင်ခဲ့တာဖြစ်ပါတယ်။ ပဲလေ့စ်ဟာ လက်ရှိအပြောင်းအရွှေ့မှာ ဂိုးသမားနေရာအတွက် ဘင်နီတက်ဇ် ၊ ဘယ်နောက်ခံလူနေရာအတွက် ဆိုဆာတို့ကိုသာ ခေါ်ယူထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဂလက်စ်နာတစ်ယောက် အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင် အဓိကစတား ၂ ဦးဖြစ်တဲ့ အီဇီး နဲ့ ဂူဟီတို့ကို လက်လွှတ်ရမှာ စိုးရိမ်နေပါတယ်။ အီဇီးကလည်း အာဆင်နယ်ကိုပြောင်းဖို့ စိတ်ဝင်စားနေပြီး အသက် ၁၃ နှစ်တုန်းက အာဆင်နယ်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ဘက်က အီဇီးကိုခေါ်ယူချင်နေပေမယ့် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၈ သန်းကို မပေးချင်ဖြစ်နေပါတယ်။
နောက်ခံလူ ဂူဟီကိုတော့ လီဗာပူး နဲ့ တော့တင်ဟမ်တို့က စိတ်ဝင်စားနေပါတယ်။ မေလတုန်းက အက်ဖ်အေဖလားရယူနိုင်ခဲ့ပြီးနောက် ဂလက်စ်နာက ပဲလေ့စ်တာဝန်ရှိသူတွေထံ အပြောင်းအရွှေ့အလျင်အမြန်လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပေမယ့် အခုချိန်အထိ အဆင်မပြေသေးတာဖြစ်ပါတယ်။ ပဲလေ့စ်ဟာ လက်ရှိမှာ ရာသီကြိုခရီးစဉ်အဖြစ် သြစတြီးယားမြေမှာ ရောက်နေပြီး အင်္ဂါနေ့မှာ မိန့်ဇ်အသင်းနဲ့ကစားခဲ့ရပါတယ်။
“ကစားသမားအားလုံးဒီမှာရှိနေတာတောင် ကျွန်တော်တို့အပြောင်းအရွှေ့အတွက် မလုပ်ဆောင်နိုင်သေးပါဘူး။ အခုနှစ်အစောပိုင်းကတည်းက ကစားသမားသစ်တွေခေါ်ယူပေးဖို့ အပြောင်းအရွှေ့မှာ အလျင်အမြန်လှုပ်ရှားဖို့ ကတိတောင်းခဲ့ပါတယ်။ အခုတော့ ကျွန်တော့်မှာကစားသမား ၁၇ ဦးပဲရှိပါတယ်။ ဘယ်သူ့ကိုမှထပ်မဆုံးရှုံးဖို့ မျှော်လင့်ပါတယ်။ အဲ့လိုမှမဟုတ်ရင် အပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ် ၄ ဦးလောက်လိုချင်ပါတယ်။ အမှားတွေနဲ့စတင်ရဖို့များနေပါတယ်”လို့ ဂလက်စ်နာက ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ပဲလေ့စ်အသင်းဟာ ရာသီသိမ်းခါနီး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့် ရာသီအစကို လိဂ် ၈ ပွဲဆက်နိုင်ပွဲပျောက်ခဲ့သလို ပထမဆုံး ၁၃ ပွဲမှာလည်း ၁ ပွဲသာ အနိုင်ရခဲ့ပါတယ်။ အီဇီး နဲ့ ဂူဟီတို့အပြင် အသင်းတော်တော်များများက မာတီတာ ၊ ဝါတန်တို့ကို စိတ်ဝင်စားနေကြပါတယ်။ အက်ဖ်အေဖလားရခဲ့ပြီးနောက် ယူရိုပါလိဂ်အခွင့်အရေးရခဲ့ပေမယ့် အသင်းပိုင်ရှင်က တစ်ဦးတည်း ၂ သင်းပိုင်ဆိုင်တာကြောင့် ကွန်းဖရန့်လိဂ်ဆင်းကစားရဖို့များနေပါတယ်။ ပဲလေ့စ်ဘက်က အဆိုပါကိစ္စအတွက် အပြည်ပြည်ဆိုင်ရာအားကစားခုံရုံးကို အကူအညီတောင်းထားပြီး လာမယ့်သြဂုတ်လ ၁၁ ရက်နေ့မတိုင်ခင်အထိ မသိရနိုင်သေးတာဖြစ်ပါတယ်။
ဘာတွေပဲဖြစ်လာလာ ပဲလေ့စ်ဟာ လာမယ့်သြဂုတ်လ ၁၀ ရက်နေ့မှာ ကွန်မြူနတီဖလားပွဲအဖြစ် လီဗာပူး နဲ့ကစားရမှာဖြစ်ပြီး အဲ့နောက် သြဂုတ်လ ၁၇ ရက်နေ့မှာ အဖွင့်ပွဲအဖြစ် ချဲလ်ဆီးနဲ့ကစားမှာဖြစ်ပါတယ်။