
ဘော်လွန်းဒီအော်ဆုအတွက် ယာမယ်လ်ကို အဓိကအကြောင်းပြချက်တစ်ခုဖြင့် ဖယ်ရှားထားတဲ့ စီရော်နယ်ဒို
စီရော်နယ်ဒိုက ဘာစီလိုနာရဲ့ချန်ပီယံလိဂ်ကျရှုံးခန်းနဲ့ အသက်အရွယ်အပိုင်းအခြားတို့ကြောင့် လမိုင်းယာမယ်လ်ကို အလားအလာရှိတဲ့ ဘော်လွန်းဒီအော်ဆုရှင်တစ်ဦးအဖြစ်မှ ဖယ်ရှားလိုက်ပါတယ်။
ယာမယ်လ်က သွင်းဂိုး ၁၈ ဂိုး၊ ဂိုးဖန်တီးမှု ၂၅ ကြိမ်ပြုလုပ်ခဲ့တဲ့ ဘောလုံးရာသီတစ်ခုအပြီး ဒီနှစ်၊ ဘော်လွန်းဒီအော်ဆုအတွက် ယှဉ်ပြိုင်သူတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် စီရော်နယ်ဒိုကတော့ အသက်-၁၇ နှစ်အရွယ်ကစားသမားအပေါ် ကျရောက်နေပြီဖြစ်တဲ့ ဖိအားတွေအတွက် အလွန်စိုးရိမ်နေပြီး ချန်ပီယံလိဂ်အောင်ပွဲရယူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီကစားသမားတစ်ဦးသာ ဘော်လွန်းဒီအော်ရှင်ဖြစ်လာသင့်တယ်လို့ ယုံကြည်နေပါတယ်။
အမ်ဘာပေကလည်း ဒမ်ဘီလီသာ ဘော်လွန်းဒီအော်ဆုရှင်ဖြစ်သင့်တယ်လို့ ထုတ်ဖော်ပြောဆိုရင်း ယာမယ်လ်ထက် ပြင်သစ်လက်ရွေးစင်အသင်းဖော်ကို ပိုမိုထောက်ခံပေးခဲ့ပါတယ်။ ဒမ်ဘီလီက ချန်ပီယံလိဂ်ဖိုင်နယ်ဂိုးဖန်တီးမှုနှစ်ကြိမ်အပါအဝင် ပြိုင်ပွဲစုံ ၃၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုက “ ယာမယ်လ်က သူ့ရဲ့အရည်အချင်းတွေကို အကောင်းဆုံးအသုံးချနေပြီး အလွန်ကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပြသနေပါတယ်။ အခုအချိန်မှာတော့ ဒီကောင်လေးတိုးတက်လာစေဖို့ လွတ်လွတ်လပ်လပ်ပဲ ရှိနေပေးစေချင်တယ်။ ဖိအားတွေ အများကြီးမပေးလိုက်ပါနဲ့။ ဖိအားတွေကို ဖယ်ရှားပြီး ကောင်းကောင်းတိုးတက်လာပါစေဦး။ သူ့မှာ အရည်အချင်းတွေ အများကြီးရှိပါတယ်။
တစ်ဦးချင်းဆုတံဆိပ်တွေဆိုတာ အများသဘောဆန္ဒအချို့မပါဝင်ပါဘူး။ ဘယ်သူရသင့်တယ်ဆိုတာမျိုး ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော့်ရဲ့အမြင်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထူးထူးချွန်ချွန်ခြေစွမ်းပြပြီး အနိုင်ရရှိလာတဲ့သူမျိုးပဲ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာလည်း အများသဘောဆန္ဒဆိုတာ မရှိပါဘူး။ ကျွန်တော်ကတော့ နောက်ကွယ်မှာဘာတွေဖြစ်ပျက်နေသလဲဆိုတာ သိရှိထားလို့ တစ်ဦးချင်းဆုတွေကို သိပ်တော့မယုံကြည်လှပါဘူး။ ယာမယ်လ်လည်း ဒမ်ဘီလီ(သို့မဟုတ်)ဗီတင်ဟာ(သို့မဟုတ်) အခြားတက်သစ်စကစားသမားတွေလိုပဲ ဒီဆုကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် တစ်ဦးချင်းဆုတွေဆိုတာ အပိုအလုပ်သာသာ ဖြစ်ပါတယ်”လို့ သတင်းထောက်တွေဆီ ပြောပါတယ်။
စီရော်နယ်ဒိုနဲ့ ယာမယ်လ်တို့က မြက်ခင်းပြင်ထက် ဆုဖလားအောင်ပွဲတစ်ခုရယူနိုင်ဖို့ ဒီည၊ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုက်ရင်ဆိုင်ကစားပါလိမ့်မယ်။