The network connection is lost.

Banner Image

ချဲလ်ဆီးအတွက် ကွန်ဖရန့်လိဂ်ဆုဖလား လိုအပ်ခဲ့တယ်လို့ ဆိုလိုက်တဲ့ ရီစီဂျိမ်းစ်

ဒီနေ့မနက်ပိုင်း၊ ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲရဲ့ပထမပိုင်းပွဲချိန်အတွင်း အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် အဆုံးမှာ ဂိုးပြတ်နိုင်ပွဲရယူပြီး ဆုဖလားကိုင်မြှောက်နိုင်ခဲ့လို့ ချဲလ်ဆီးကပ္ပတိန်ရီစီဂျိမ်းစ်ရဲ့ ရာသီကြိုရည်မှန်းချက် ပြည့်မြောက်သွားခဲ့ပါတယ်။

ချဲလ်ဆီးက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စတုတ္ထနေရာရယူပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားပေမယ့် လူငယ်တွေများပြားလှတဲ့ သူတို့အသင်းလူစာရင်းအတွက် နောက်ထပ်ကြီးမားတဲ့ခြေလှမ်းတစ်ရပ်အဖြစ် ဥရောပအဆင့်အောင်မြင်မှုတစ်ခုရယူဖို့ ဆာလောင်နေခဲ့ပါတယ်။ TNT Sports နဲ့တွေ့ဆုံချိန် ရီစီဂျိမ်းစ်က “ ကောင်းလိုက်တဲ့ခံစားချက်ဗျာ။ ပွဲချိန်အတွင်းမှာ ကျွန်တော်တို့တွေ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး ဒုတိယပိုင်းပွဲချိန်မှာ ကျွန်တော်တို့တွေ လေးဂိုးသွင်းယူနိုင်ခဲ့တဲ့အချက်ကိုလည်း ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ဒီပြိုင်ပွဲဆီ ဝင်ရောက်ယှဉ်ပြိုင်လာချိန်ကတည်းက အောင်မြင်မှုရယူဖို့ လိုလားခဲ့ပါတယ်။ လာမယ့်ရာသီမှာတော့ ကျွန်တော်တို့တွေ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆင်နွှဲသွားရပါမယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း အစ္စကိုရဲ့တိကျလှတဲ့ဖန်တီးပေးမှုမှတဆင့် အက်ဇ်ဇယ်ဇူလီက ဘက်တစ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်မှာတော့ ကိုးပယ်လ်မာရဲ့ဦးဆောင်မှုနဲ့အတူ ချဲလ်ဆီးတို့ ပွဲကို ထိန်းချုပ်လာခဲ့ပြီး အန်ဇိုဖာနန်ဒက်ဇ်၊ ဂျက်ဆန်၊ ဆန်ချို၊ ကိုင်စီဒိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ နိုင်ပွဲဖော်ဆောင်ခဲ့ပါတယ်။

ရီစီဂျိမ်းစ်က “ ပထမပိုင်းပွဲချိန်အတွင်းမှာ ကျွန်တော်တို့တွေ လေးလံထိုင်းမှိုင်းခဲ့တယ်လို့ ထင်ပါတယ်။ အစောပိုင်းမှာ ပွဲစဉ်က ကျွန်တော်တို့လိုချင်သလို မဖြစ်လာခဲ့ဘဲ ကျွန်တော်တို့ဆီမှ အကျိုးအမြတ်တွေအားလုံး ယူသွားခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့တုံ့ပြန်မှုတစ်ခုကို ဒုတိယပိုင်းပွဲချိန်မှာ လိုအပ်ခဲ့ပြီး ဒီအတိုင်း လုပ်နိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်က ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဘက်တစ်ကလည်း ပထမပိုင်းမှာ ကျွန်တော်တို့ကို အခက်တွေ့အောင် လုပ်သွားပါတယ်။ သူတို့တွေ စောစောစီးစီး ဦးဆောင်ဂိုးရသွားပြီး ကျွန်တော်တို့ကို စိတ်အနှောင့်အယှက်ပေးခဲ့ပါတယ်”လို့ ဆက်ပြောပါတယ်။ အခုနိုင်ပွဲကြောင့် ချဲလ်ဆီးက ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ Cup Winners’ Cup အပါအဝင် ဥရောပအဆင့် အဓိကပြိုင်ပွဲကြီးလေးရပ်လုံးမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ပထမဆုံးအင်္ဂလိပ်ကလပ်အသင်း ဖြစ်လာပါတယ်။ သူတို့တွေက ဥရောပစူပါဖလားပြိုင်ပွဲမှာလည်း နှစ်ကြိမ်ဗိုလ်စွဲခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူကိုလ်ဝဲက “ ဖြစ်နိုင်သမျှ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲနိုင်တဲ့ ပထမဆုံးကလပ်အသင်းဖြစ်လာလို့ ပရိသတ်တွေ အောင်ပွဲခံနေတာကို ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါတယ်။ ဒါက သူတို့အတွက် အဓိပ္ပါယ်အများကြီးရှိတယ်ဆိုတာ ဖော်ပြပေးနေပါတယ်။ ဘက်တစ်က အသင်းကောင်းတစ်ခုဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိထားခဲ့ပါတယ်။ အထူးသဖြင့် သူတို့အသင်းပရိသတ်တွေရဲ့တွန်းအားပေးနေမှုနဲ့အတူ ပွဲကို အကောင်းဆုံးစတင်လာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း သူတို့နဲ့ အကြိတ်အနယ်တိုက်ပွဲဝင်သွားရတော့မယ်ဆိုတာကို သိထားခဲ့ပါတယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့အခိုက်အတန့်တွေဆီ ရောက်ရှိလာဖို့ စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာတော့ ဒါကို ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။