The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့ဝိညာဉ်ကင်းမဲ့နေပြီဆိုတဲ့ ပြောဆိုမှုတွေအပေါ် ခုခံကာကွယ်သွားတဲ့ မိုက်ကယ်ကာရစ်

ယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က ယာယီနည်းပြအဖြစ် ပထမဆုံးအကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရလဒ်တွေ ဆိုးရွားနေပေမဲ့ အသင်းရဲ့ မူလလက္ခဏာတွေ ပျောက်ဆုံးသွားပြီဆိုတဲ့ အယူအဆကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။ ရာသီကုန်အထိ အသင်းကို တည်ငြိမ်အောင် ထိန်းကျောင်းဖို့ တာဝန်ပေးခံထားရတဲ့ ဒီကွင်းလယ်လူဟောင်းကြီးဟာ ပြိုင်ဘက် မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ ပွဲဦးထွက်မတိုင်ခင်မှာ အိုးထရက်ဖို့ဒ်ရဲ့ "မှော်ဆန်မှု" တွေဟာ အခုထိ ရှိနေဆဲပဲလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်ကစားသမားဘဝမှာ ဆုဖလားကြီး ၁၂ လုံးအထိ ဆွတ်ခူးခဲ့တဲ့ ကာရစ်က အသင်းဟာ လမ်းပျောက်နေပြီလို့ ဝေဖန်နေကြသူတွေကို တိုက်ရိုက် တုံ့ပြန်လိုက်တာပါ။ ကာရစ်က "ဒီအသင်းက ဝိညာဉ်မဲ့နေတယ်လို့ ကျွန်တော် လုံးဝ မထင်ပါဘူး။ ဒီနေရာမှာ မှော်ဆန်တဲ့ ခံစားချက်တစ်ခု ရှိနေတုန်းပဲလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် အဲဒါကို ခံစားလို့ရတယ်။ အသင်းထဲကို ရောက်လာတာနဲ့၊ ဒီဝန်းကျင်မှာ ရှိနေရတာနဲ့တင် အိမ်ကို ပြန်ရောက်သွားသလို ချက်ချင်း ခံစားလိုက်ရတာပါ။ ဒါကို ခံစားမိအောင် မလုပ်ဘဲ မနေနိုင်ပါဘူး။" လို့ ပြောခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်က ပရီးမီးယားလိဂ် အဆင့် (၇) နေရာမှာ ရှိနေပြီး ယနေ့ညရင်ဆိုင်ရမယ့် မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ၁၁ မှတ်အထိ ကွာဟနေတာပါ။  မန်စီးတီးဟာ ယူနိုက်တက်ထက် အဆင့်ပိုမြင့်တဲ့ နေရာမှာ ရပ်တည်နေခဲ့တာ ၁၂ ရာသီ ဆက်တိုက် ရှိလာခဲ့ပါတယ်။  မေလအထိပဲ အသင်းကို တာဝန်ယူရမှာ ဖြစ်ပေမဲ့ ကာရစ်က သူ့ရဲ့ လုပ်ကိုင်ပုံတွေဟာ ရေတိုအတွက်ပဲ မဟုတ်ဘူးလို့ အလေးပေး ပြောကြားခဲ့ပါတယ်။ 

အသင်းရဲ့ အနာဂတ် ကောင်းမွန်ဖို့အတွက်ပဲ ဆုံးဖြတ်ချက်တွေ ချသွားမယ်လို့ သူက ကတိပြုခဲ့သလို ရေရှည် ဆက်ရှိနေဖို့အတွက်လည်း လမ်းဖွင့်ထားခဲ့ပါတယ်။  ကာရစ်က"ကျွန်တော်တို့ လက်ရှိ အခြေအနေကို လက်တွေ့ကျကျ လက်ခံထားပါတယ်။ ကျွန်တော် ဘာကြောင့် ဒီကို ရောက်နေတာလဲ၊ ဘာတွေ လုပ်ရမလဲဆိုတာကိုလည်း သိပါတယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ နေ့စဉ် လုပ်ဆောင်နေတဲ့ အလုပ်တွေအပေါ်မှာရော၊ အသင်းရဲ့ ရေရှည် မဟာဗျူဟာနဲ့ ကစားသမားစုဖွဲ့မှုအတွက် ချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေအပေါ်မှာပါ ပြောင်းလဲမှု မရှိစေရပါဘူး" လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး ကာရစ်က"တစ်ပတ်ပြီး တစ်ပတ်၊ တစ်ပွဲပြီး တစ်ပွဲ ပြီးပြီးရော ဖြတ်သန်းသွားရမယ်ဆိုတဲ့ စိတ်မျိုးနဲ့ ကျွန်တော် ဒီကို လာခဲ့တာ မဟုတ်ပါဘူး။ ဒီရာသီအလွန်အထိ တိုးတက်လာအောင် စီမံကိန်းတွေ ချမှတ်ချင်တာပါ။ လက်ရှိ အနေအထားက ဘယ်လိုပဲ ရှိနေပါစေ၊ ကျွန်တော် ထိန်းချုပ်နိုင်တာကတော့ ကစားသမားတွေကို ဘာတွေ ပေးနိုင်မလဲဆိုတာနဲ့ အသင်းအတွင်းမှာ ဘယ်လို ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးမလဲ ဆိုတာပဲ ဖြစ်ပါတယ်" လို့ ပြောသွားခဲ့ပါတယ်။