The network connection is lost.

Banner Image

ယူနိုက်တက် ဂန္ထဝင်အသင်းကို လက်ရှိအာဆင်နယ်နဲ့ နှိုင်းယှဉ်ခဲ့တဲ့ ဝဲလ်ကော့ကို ပက်ထရစ်အီဗရာ ပြင်းပြင်းထန်ထန် ဝေဖန်

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ်အီဗရာက အခုရာသီ အာဆင်နယ်အသင်းဟာ ၂၀၀၇-၀၈ ခုနှစ်က ယူနိုက်တက်အသင်းကို အနိုင်ယူနိုင်တယ်လို့ ပြောခဲ့တဲ့ သီအိုဝဲလ်ကော့ကို စိတ်အနှောင့်အယှက်ပေးတဲ့လူ တစ်ယောက်အဖြစ် သမုတ်လိုက်ပါတယ်။

အဲဒီ ၂၀၀၇-၀၈ ရာသီတုန်းက ယူနိုက်တက်ဟာ ပက်ထရစ်အီဗရာ၊ ဝိန်းရွန်နီတို့နဲ့အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တာပါ။ ဘောလုံးဝေဖန်ရေး အစီအစဉ်တစ်ခုမှာ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဝဲလ်ကော့ရဲ့ ပြောကြားချက်အပေါ် ရွန်နီကလည်း သဘောမတူဘဲ အငြင်းပွားခဲ့ပါသေးတယ်။

ပက်ထရစ်အီဗရာက Stake ကို ပြောကြားရာမှာတော့ "၂၀၀၇-၀၈ မန်ယူအသင်းက အခု အာဆင်နယ်ကို အပြတ်အသတ် ခြေမှုန်းပစ်မှာလို့ ပြောခဲ့တာတောင် ဝိန်းရွန်နီက ဝဲလ်ကော့အပေါ် အရမ်းကို ယဉ်ကျေးလွန်းနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဝဲလ်ကော့က ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ၊ သူ့ကိုလည်း ချစ်ပါတယ်။ ဒါပေမဲ့ အခုလို မှတ်ချက်မျိုး ပေးတာက သူဟာ တီဗီဖန်သားပြင်ပေါ်မှာ တကယ့်ကို စိတ်အနှောင့်အယှက်ပေးတဲ့ လူတစ်ယောက် ဖြစ်နေပြီဆိုတာကို ပြသနေတာပါပဲ" လို့ ဆိုပါတယ်။

"သူ ဒီလိုမျိုး ဝေဖန်သုံးသပ်တာတွေကို ရပ်သင့်ပါပြီ။ အခုလိုမျိုးတွေ လျှောက်ပြောနေတာက ကလေးတွေအတွက် အန္တရာယ်ရှိပါတယ်။ ၂၀၀၈ ခုနှစ် FA ဖလားပွဲတုန်းကတောင် ကျွန်တော်တို့က ခံစစ်ကစားသမား ရှစ်ယောက်နဲ့ ကစားပြီး အာဆင်နယ်ကို အနိုင်ယူခဲ့တာပါ။ ကျွန်တော်တို့အသင်းက ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး အသင်းဖြစ်ပြီးတော့ ဒီဘက်ခေတ် အာဆင်နယ်အသင်းနဲ့ လာမနှိုင်းပါနဲ့။ ဝဲလ်ကော့က အဲဒီလို နှိုင်းယှဉ်တုန်းက မူးနေတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ သူ မမူးဘဲ ပြောတာဆိုရင်တော့ သူဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့သူပါပဲ" လို့ ပက်ထရစ်အီဗရာက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။