ကမ္ဘာ့ဖလားအတွက် အာဆင်နယ်လူငယ်ကြယ်ပွင့် ဒိုမန်ကို ချန်လှပ်ထားဖို့ အင်္ဂလန်အသင်းကို ဝဲလ်ကော့ တိုက်တွန်း
အာဆင်နယ်တိုက်စစ်ကစားသမားဟောင်း သီယိုဝဲလ်ကော့က အာဆင်နယ်လူငယ်ကြယ်ပွင့် မက်စ်ဒိုမန်ကို ဒီနွေရာသီမှာ ယှဉ်ပြိုင်မယ့် အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ထည့်သွင်းစဉ်းစားခြင်း မပြုသင့်ဘူးလို့ ပြောကြားလိုက်ပါတယ်။
ဒိုမန်ဟာ ဒီတစ်ပတ်ထုတ်ပြန်ခဲ့တဲ့ ၃၅ ဦးလူစာရင်းမှာ လွဲချော်ခဲ့ပေမဲ့ အင်္ဂလန်နည်းပြ သောမတ်စ်တူဟယ်လ်ကတော့ အသက် ၁၆ နှစ်အရွယ် လူငယ်ကစားသမားလေးအတွက် အသင်းတံခါးက ပွင့်နေဆဲပဲလို့ ဆိုထားပါတယ်။
၂၀၀၆ ကမ္ဘာ့ဖလားတုန်းက အသက် ၁၇ နှစ်အရွယ်နဲ့ အင်္ဂလန်အသင်းရဲ့ ရွေးချယ်မှုကို ခံခဲ့ရတဲ့ ဝဲကော့ကတော့ ဒိုမန်အနေနဲ့ နောက်ဆုံးလူစာရင်းမှာ ပါဝင်သွားတာဟာ သူ့ရဲ့ကစားသမားဘဝအတွက် အဆိုးရွားဆုံးဖြစ်ရပ် ဖြစ်လာနိုင်တယ်လို့ ယူဆနေပါတယ်။
သူက Mirror သတင်းစာကို အခုလို ရှင်းပြခဲ့ပါတယ် - "သူ မသွားရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါက မကောင်းတဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်သာ အချိန်နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင် အပြောင်းအလဲတွေ လုပ်မိမှာပါ။ ကိုယ့်ကိုယ်ကိုယ်လည်း 'မသွားနဲ့၊ မလုပ်နဲ့' လို့ ပြန်ပြောမိမှာပဲ၊ ဒါပေမဲ့ အသက် ၁၇ နှစ်အရွယ် ကလေးတစ်ယောက်ကို အဲဒီလိုနားဝင်အောင်ပြောဖို့ကတော့ ခက်ပါလိမ့်မယ်။"
"သူ့နဲ့ ကျွန်တော့်အခြေအနေက ကွာခြားတယ်လို့ မြင်ပါတယ်။ သူက ပရီးမီးယားလိဂ်မှာ ကစားနေတာပါ၊ ဒါပေမဲ့ သူဟာ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာပါ သူ့အရှိန်နဲ့သူ ကြီးထွားလာဖို့ လိုအပ်ပါတယ်။"
"ကျွန်တော့်တုန်းကတော့ အရမ်းမြန်မြန်ဆန်ဆန် ကြီးပြင်းခဲ့ရတယ်၊ ဒါပေမဲ့ အခုအသင်းကတော့ ငယ်သေးသလို အတွေ့အကြုံလည်း သိပ်မရှိသေးဘူး။ သူက အကာအကွယ်ပေးခံထားရတယ်၊ ဒါက အရေးကြီးပါတယ်။ ကျွန်တော့်တုန်းကတော့ ခင်ဗျားတို့ (မီဒီယာတွေ) နဲ့ စကားပြောဖို့အတွက် အဆင်သင့်မဖြစ်ခင်မှာတင် အတင်းအကျပ် အစမ်းသပ်ခံခဲ့ရတာပါ။"
"အချိန်တန်ရင်တော့ သူ သွားရမှာပါ။ ဒါပေမဲ့ အခုက အချိန်ကောင်းမဟုတ်သေးသလို သူ့ထက်အရင် အသင်းမှာပါဖို့ ထိုက်တန်တဲ့ ပိုကောင်းတဲ့ ကစားသမားတွေလည်း ရှိနေပါသေးတယ်။"
"နောက်ပိုင်းမှာ သူ အခွင့်အရေး ရလာမှာပါ၊ ဒါပေမဲ့ လက်ရှိ အင်္ဂလန်မှာက တောင်ပံကစားသမားတွေ တော်တော်လေး ခြေစွမ်းပြနေကြပါတယ်။ ဘူကာယို ဆာကာ၊ မာဒူအက်ကီ၊ ဂျာရော့ဘိုဝင်တို့ ရှိသလို တခြားတစ်ဖက်မှာလည်း အန်သိုနီဂေါ်ဒွန်နဲ့ ဟာဗေးဘန်းစ်တို့ ရှိနေပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။