ယူနိုက်တက်လူငယ်ကြယ်ပွင့် ကိုင်ရွန်းနီ ထိပ်တန်းအေးဂျင့်ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ဆို
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်လေး ကိုင်ရွန်းနီဟာ သူ့ရဲ့ ပထမဆုံး အေးဂျင့်နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်အရွယ် တိုက်စစ်ကစားသမားလေးဟာ ယူနိုက်တက်ဂန္ထဝင် ဝိန်းရွန်းနီရဲ့ သားဖြစ်ပြီး ဒီရာသီမှာ ယူနိုက်တက် ယူ-၁၈ အသင်းနဲ့အတူ အစွမ်းပြနေပြီး လူပြောများနေသူလည်း ဖြစ်ပါတယ်။
ကိုင်ရွန်းနီဟာ Triple S Sports Management လို့ အမည်ရတဲ့ အေးဂျင့်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ Triple S ကုမ္ပဏီကို ဝိန်းရွန်းနီရဲ့ နှစ်ရှည်လများ အေးဂျင့်အဖြစ် ဆောင်ရွက်ခဲ့သူ ပေါလ်စထရက်ဖို့ဒ်က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
Triple S ကုမ္ပဏီက သူတို့ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ "ကိုင်ရွန်းနီကို Triple S Sports နဲ့ လက်တွဲနိုင်ခဲ့ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေးရဲ့ ရှေ့ဆက်သွားမယ့် ဘောလုံးသမားဘဝ ခရီးလမ်းမှာ အတူတူ လက်တွဲလုပ်ဆောင်သွားဖို့ စိတ်လှုပ်ရှားနေပါတယ်။ တောက်ပတဲ့ အနာဂတ်တစ်ခုက သူ့ရှေ့မှာ ရှိနေပါတယ်။ အသင်းဆီ ကြိုဆိုပါတယ် ကိုင်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။