ယူနိုက်တက်ရဲ့ပညာသင်ဆုစာချုပ်မှာ လက်မှတ်ထိုးခဲ့တဲ့ ကိုင်ရွန်းနီနဲ့ ဂျေစီကာရစ်
ဝိန်းရွန်းနီရဲ့သားဖြစ်သူ ကိုင်ရွန်းနီနဲ့ မိုက်ယ်ကာရစ်ရဲ့ သားဖြစ်သူ ဂျေစီကာရစ်တို့ နှစ်ဦးစလုံးဟာ ဒီတစ်ပတ်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆက်လက်လက်တွဲဖို့အတွက် ပညာသင်ဆုစာချုပ်တွေမှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ဂျေစီကာရစ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက နယူးကာဆယ်အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ယူ-၁၈ အသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားပေးခဲ့ပါတယ်။ ကိုင်ရွန်းနီကတော့ အသက် ၁၆ နှစ်ပဲ ရှိသေးပေမဲ့ ပြီးခဲ့တဲ့ရာသီက ယူ-၁၈ အသင်းအတွက် ၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး သူ့ရဲ့အရည်အချင်းဟာ အသက်အရွယ်ထက် ပိုမိုသာလွန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မတ်လအတွင်းမှာ ရရှိခဲ့တဲ့ ရာသီကုန်အထိ အနားယူရမယ့် ဒဏ်ရာကြောင့် မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ FA လူငယ်ဖလား ဗိုလ်လုပွဲကို လွဲချော်ခဲ့ရပြီး အဲ့ဒီပွဲမှာတော့ မန်ယူအသင်းက ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
Manchester Evening News သတင်းစာရဲ့ ဖော်ပြချက်အရ သူတို့နှစ်ဦးဟာ ဒီတစ်ပတ်အတွင်းမှာပဲ စာချုပ်ချုပ်ဆိုခဲ့ကြတဲ့ ဂါဇစ် အီဘရာဂီမော့ဗ်၊ အက်ဒီဆင် ဒီဂျွန်-ဆဲရော့စ်၊ ဟာလမ် မက်လောက်လင်၊ ဖာရယ် ဆေးလ်ဗက်စတား၊ ကော်နာ လော်ရီနဲ့ ဂျောင်မီ ကာမာချိုတို့နဲ့အတူ ပူးပေါင်းသွားမှာဖြစ်ပါတယ်။ သူတို့ရဲ့ဖခင်တွေဖြစ်ကြတဲ့ ဝိန်းရွန်းနီနဲ့ မိုက်ကယ်ကာရစ်တို့ဟာလည်း အဲ့ဒီအခမ်းအနားကို တက်ရောက်ခဲ့ကြပြီး သူတို့ရဲ့သားဖြစ်သူတွေနဲ့အတူ ဂုဏ်ယူစွာ ဓာတ်ပုံတွဲရိုက်ခဲ့ကြပါတယ်။
ကိုင်ရွန်းနီဟာ ဒီရာသီအစောပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ရည်မှန်းချက်နဲ့ ပတ်သက်ပြီး "အကောင်းဆုံး ကစားသမားတွေနဲ့အတူ အကြီးကျယ်ဆုံး စင်မြင့်ထက်မှာ ကစားချင်တယ်၊ ဆုဖလားတွေ အောင်မြင်မှုတွေ ရယူချင်တယ်" လို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ဖူးပါတယ်။ ရွန်းနီဟာ လာမယ့်ရာသီမှာ ယူ-၁၈ နည်းပြ ဒါရင်ဖလက်ချာရဲ့ လက်အောက်မှာ အဓိကကစားသမားတစ်ဦး ဖြစ်လာတော့မှာဖြစ်ပြီး အသင်းအတွက် အလားအလာကောင်းတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ထားသလို အားလုံးက ပြန်လည်အာရုံစိုက်ရမယ့်သူတစ်ဦး ဖြစ်လာမှာ အသေအချာပါပဲ။