The network connection is lost.

Banner Image

ဂျက်ဆန်ကို ချဲလ်ဆီးအသင်းထံပြန်ဖို့ ညွှန်ကြားလိုက်တဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဟာ အငှားစာချုပ်နဲ့ ခေါ်ယူဖို့စီစဉ်ထားတဲ့ နီကလပ်ဂျက်ဆန်ကို ချဲလ်ဆီးအသင်းဆီ ပြန်လည်ခေါ်ယူဖို့ ညွှန်ကြားလိုက်ပြီလို့ သိရပါတယ်။ 

စနေနေ့က သဘောတူညီမှုပျက်ပြယ်ခဲ့ပြီးနောက် အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါတိုက်စစ်မှူးဟာ ပေါင် ၁၃ သန်းနဲ့ တစ်ရာသီအငှားစာချုပ်ချုပ်ဆိုပြီး ယူရို ၅၆.၂ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ပါရှိတဲ့ သဘောတူညီမှုအတွက် မြူးနစ်မြို့ကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ဖူလ်ဟမ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒီလပ် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။ ဒီလပ်ဟာ အနည်းဆုံး ၆ ပတ်လောက်အနားယူရမယ်လို့ သိရပါတယ်။

ဘိုင်ယန်အသင်းရဲ့ အားကစားဒါရိုက်တာ မက်စ်အီဘာလ်ကတော့ နှစ်သင်းစလုံးက ဂျက်ဆန်ကို လန်ဒန်မြို့ကို ပြန်ပို့ဖို့ ညွှန်ကြားခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ ဆုံးဖြတ်ချက်အပေါ် ကစားသမားက စိတ်ပျက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 
အော့စ်ဘတ်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အီဘာလ်က "မနေ့က သဘောတူညီမှုရရှိပြီးတဲ့နောက် ကစားသမားကို ပြန်ခေါ်ချင်တယ်လို့ ချယ်လ်ဆီးက ပွဲမစခင်မှာ ပြောခဲ့ပါတယ်။ လက်ရှိအခြေအနေကတော့ ကောင်လေးက မြူးနစ်မှာရှိနေပေမဲ့ သူ့ကိုပြန်လွှတ်လိုက်ပါပြီ" လို့ ပြောကြားခဲ့ပါတယ်။

အီဘာလ်က စာချုပ်မချုပ်ဆိုရသေးတဲ့အတွက် ဂျက်ဆန်ဟာ ချဲလ်ဆီးကစားသမားအဖြစ် ဆက်ရှိနေသေးပြီး အပြောင်းအရွှေ့ကာလ ၄၈ နာရီအတွင်းမှာ သူတို့ရဲ့ရွေးချယ်စရာတွေကို ဆက်လက်သုံးသပ်သွားမယ်လို့ ရှင်းပြခဲ့ပါတယ်။