ဒေါ့မွန်ကြယ်ပွင့် ဒွန်ယဲလ်မာလန်ကိုခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာပဲ ဂျာမန်ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ တိုက်စစ်ကြယ်ပွင့် ဒွန်ယဲလ်မာလန်ကိုခေါ်ယူဖို့ ကြိုးစားနေပြီး လက်ရှိအချိန်မှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း+အပိုဆိုကြေးနဲ့ ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့သိရပါတယ်။
ယခုတစ်ပတ်အတွင်းသတင်းတွေအရ ဒေါ့မွန်အနေနဲ့ မာလန်အတွက် အနည်းဆုံး ပေါင် ၁၆.၅ သန်းမှ အပိုဆုကြေးအပါအဝင် ပေါင် ၂၅ သန်းအထိအလိုရှိနေတာကြောင့် ကလပ်အသင်းနှစ်ခုအကြား ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေရဆဲဖြစ်တယ်လို့ဆိုပါတယ်။
အသက်-၂၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ ကစားလိုနေတဲ့အပြင် အက်စတွန်ဗီလာမှာကစားနေတဲ့ အသင်းဖော်ဟောင်း အီယန်မက်ဆင်းနဲ့လည်း ချိတ်ဆက်မှုရှိနေတာကြောင့် အင်္ဂလန်မြေသို့ မကြာမီမှာပဲ ရောက်ရှိလာဖို့ အခွင့်အရေးများနေပါတယ်။
ညာတောင်ပံကိုအားပြုပြီး ကစားတတ်တဲ့မာလန်အနေနဲ့ အက်စတွန်ဗီလာရဲ့တိုက်စစ်ပိုင်းကို ပိုမိုတိုးတက်လာအောင် ကူညီပေးနိုင်ဖို့ရှိနေပြီး နည်းပြကြီး အူနိုင်းအမ်မရီရဲ့ ကစားကွက်မှာလည်း အံ့ဝင်ခွင်ကျဖြစ်လာဖို့ အလားအလားများနေတယ်လို့သိရပါတယ်။ လက်ရှိအချိန် ဗီလာမှာ အိုလီဝက်ကင်းစ်နဲ့ ဂျွန်ဒူရန်တို့လို အရည်အသွေးမြင့်တိုက်စစ်မှူးတွေရှိနေပေမယ့် အမ်မရီကတော့ နောက်ထပ်တိုက်စစ်မှူး တစ်ဦးကိုထပ်မံခေါ်ယူလိုနေတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာသာရပ်တည်ထားနိုင်တဲ့ဗီလာဟာ ချန်ပီယံလိဂ်မှာတော့ အခြေအနေကောင်းနေပြီး အုပ်စုရဲ့ ပဉ္စမနေရာမှာ ရပ်တည်ထားနိုင်ကာနောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းတစ်ရပ်ကို ဖန်တီးထားနိုင်ပါတယ်။ မာလန်ဟာ လောလောဆယ်မှာတော့ ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ၁၈ လအထိကျန်ရှိနေပါသေးတယ်။
နယ်သာလန်လက်ရွေးစင်ကဟာ ငယ်စဉ်က အေဂျက်စ်၊ အာဆင်နယ်နဲ့ ပီအက်စ်ဗွီတို့လိုအသင်းတွေမှာလည်း ကစားခဲ့ဖူးတာဖြစ်ပါတယ်။ ဒီရာသီမှာတော့ ကစားသမားဟာ ပြီးခဲ့တဲ့အပတ်က ဝုဖ်ဘတ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာသွင်းယူခဲ့တဲ့ ဂိုးအပါအဝင် ဒေါမွန်အတွက် စုစုပေါင်း ၅ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။