
ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုဗိုလ်နေရာရရှိအောင် လုပ်ဆောင်နိုင်ရမယ်လို့ ပြောဆိုလိုက်တဲ့ ရော်နယ်ကိုးမန်း
လာမယ့်စနေနေ့၊ ဟယ်လ်စင်ကီမှာ ဖင်လန်နဲ့ရင်ဆိုင်ရမယ့် အုပ်စု(G)အဖွင့်ပွဲစဉ်အတွက် ပြင်ဆင်နေချိန် နယ်သာလန်အသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုဗိုလ်နေရာရရှိအောင် လုပ်ဆောင်သွားရန် တာဝန်ရှိနေပြီလို့ နည်းပြရော်နယ်ကိုးမန်းက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒီပွဲစဉ်က မြောက်အမေရိကဒေသမှာကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲဆီ အရောက်သွားနိုင်ရေး နယ်သာလန်အတွက် ပထမဆုံးကြိုးစားရမယ့်ခြေလှမ်းဖြစ်ပြီး နောက်သီတင်းပတ်၊အင်္ဂါနေ့မှာတော့ သူတို့တွေက မော်လ်တာကို ဂရိုနင်ဂျင်မှာ ဧည့်ခံကစားရပါမယ်။ စပိန်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့တဲ့ မတ်လနေးရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကြောင့် ဒတ်ချ်တွေရဲ့ခြေစစ်ပွဲခရီးစဉ်က အခုအချိန်မှ ထွက်ပေါ်လာခဲ့တာပါ။
သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ရော်နယ်ကိုးမန်းက “ ကျွန်တော်တို့ဆီကနေ တစ်ခုခုမျှော်လင့်လို့ရနိုင်တဲ့ အခြေအနေကြောင့် စပိန်နဲ့ဘောလုံးယှဉ်ကစားရတာ ပိုလွယ်ကူနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဖင်လန်နဲ့ မော်လ်တာတို့ကတော့ ဒါနဲ့အမျိုးအစားမတူညီတဲ့ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ဘောလုံးပိုင်ဆိုင်မှုပိုမိုရရှိပြီး သူတို့တွေက ကျွန်တော်တို့ကို ရပ်တန့်နိုင်အောင် ကြိုးစားပါလိမ့်မယ်။ ဒီအုပ်စုရဲ့အုပ်စုဗိုလ်နေရာရရှိအောင် လုပ်ဆောင်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်ပြိုင်ဘက်ကိုမှ လျှော့တွက်နေမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ပွဲစဉ်အချို့မှာပြသခဲ့တဲ့ ခွန်အားတွေကို အခုပွဲစဉ်တွေအထိ သယ်ဆောင်လာဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
အခုအုပ်စုအဆင့်မှာ လစ်သူရေးနီးယားနဲ့ မတ်လပွဲစဉ်နှစ်ခုလုံးကို အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် ရပ်တည်နေတဲ့ ပိုလန်တို့လည်း ပါဝင်နေပါတယ်။ ဒီအုပ်စုအဆင့်မှာ အုပ်စုဗိုလ်က တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ပြီး အုပ်စုဒုတိယကတော့ ခြေစစ်ပွဲအောင်မြင်ဖို့ ပလေးအော့ဖ်အဆင့်ကို ကျော်ဖြတ်ရပါလိမ့်မယ်။
ကိုးမန်းက “ ပွဲစဉ်တိုင်းမှာ အကောင်းဆုံးဖြစ်နေဖို့နဲ့ အခုထက်ပိုပြီး စွမ်းဆောင်ရည်ပိုင်း တသမတ်တည်းဖြစ်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲမှာပါဝင်တဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်ရင်း ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကို သက်သေပြပြီးပါပြီ။ ဒါက ကျွန်တော်တို့ကို ယုံကြည်မှုရှိစေပါတယ်”လို့ ဆိုပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း ထိပ်တန်းအဆင့်ဗဟိုတိုက်စစ်မှူးပြတ်လပ်နေမှုက ပြဿနာတစ်ခုဖြစ်တယ်လို့ ကိုးမန်းက ဝန်ခံပါတယ်။ သူက “ အခုအချိန်မှာ ကျွန်တော်တို့အသင်းအတွက် ထိပ်တန်းတိုက်စစ်မှူးတွေ မရှိပါဘူး။ တက်သစ်စလူငယ်တွေ ဘယ်လိုအဆင့်မျိုးအထိ ရောက်ရှိလာမလဲဆိုတာ ကျွန်တော်မသိပေမယ့် အခုအချိန်မှာ အတိတ်ကလို ထိပ်တန်းတိုက်စစ်မှူးတွေ ကျွန်တော်တို့မှာမရှိဘူးဆိုတာ ရှင်းပါတယ်။ ကလွိုင်ဗက်၊ ဟန်တယ်လာ၊ နစ္စတယ်ရွိုင်းတို့လို ကစားသမားမျိုးပေါ့။ သူတို့လိုကစားသမားမျိုးကိုလည်း မတွေ့ရတော့ပါဘူး။
တိုက်စစ်မြှားဦးမှာ ဒီပေး(သို့မဟုတ်)ဝက်ဂျ်ဟော့တို့ ပါဝင်လာနိုင်ပါတယ်။ဒါပေမဲ့ ဒီနေရာအတွက် ဂတ်ပိုနဲ့ မာလန်တို့လည်း ပွဲထွက်လာနိုင်ခြေရှိပါတယ်”လို့ ဆက်ပြောပါတယ်။