The network connection is lost.

Banner Image

ပြိုင်ဘက်အသင်းတွေထံ နွေရာသီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သတိပေးလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက မိမိတို့အသင်းဟာ လာမယ့်နွေရာသီမှာ လိုချင်တဲ့ဘယ်ကစားသမားကိုမဆို ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်နေပြီး အပြောင်းအရွှေ့အကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မန်စီးတီးခြေစွမ်းကျဆင်းခဲ့တာကြောင့် အခုရာသီက အာဆင်နယ်အတွက်ဖြစ်မယ်လို့ ထင်ခဲ့ကြပေမယ့် မထင်မှတ်ပဲ လီဗာပူးအသင်းက ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အလားအလာကောင်းနေပါတယ်။

ဒီရာသီမှာ အာဆင်နယ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးခဲ့ရပြန်ပြီး အိုဒီဂတ် ၊ ဆာကာစတဲ့ အဓိကကစားသမားတွေ လွဲချော်ခဲ့သေးတာဖြစ်ပါတယ်။ ဂါဘရီရယ်ဒဏ်ရာရပြီးနောက်မှာ ခီဗီယောက လူစားဝင်လာပြီး ခြေစွမ်းပြနေပါတယ်။ အာတီတာ နဲ့ အားကစားဒါရိုက်တာ ဘာတာတို့ကတော့ အသင်းလူအင်အားကို ပြင်ဆင်ဖို့ စီစဉ်နေပါတယ်။

“အသင်းအရည်အချင်း နဲ့ လူအင်အားရနိုင်မှုပါ။ အဲ့တာ ၂ ခုမရှိပဲ ပြိုင်ပွဲ ၄ ရပ်စလုံးမှာ အားပြိုင်နိုင်မှာမဟုတ်ပါဘူး။ ဒီအဆင့်အတန်း ၊ အထူးသဖြင့် ဒီနိုင်ငံမှာ အဲ့တာက မဖြစ်နိုင်ပါဘူး။ အရည်အချင်းကော လူအင်အားကော မြင့်နေမှ အခွင့်အရေးပိုရမှာဖြစ်ပြီး ဖြစ်နိုင်ချေများမှာပါ။ အဲ့တာတွေရှိနေမှလည်း ဖြစ်နိုင်ချေက မြင့်တက်လာမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့်နွေရာသီမှာ အထောင်တိုက်စစ်မှူးအားဖြည့်မှာဖြစ်ပြီး အီဆက် ၊ ဆက်စ်ကို ၊ ဂရိုကီရက်စ်စတဲ့ကစားသမားတွေကို ချိတ်ဆက်နေပါတယ်။ ဒါ့အပြင် ကွင်းလယ်ပိုင်းမှာလည်း ဂျော်ဂျင်ဟို နဲ့ ပါတေးတို့ မသေချာတာကြောင့် အားဖြည့်ဖို့ ပြင်ဆင်ရဦးမှာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ လူအင်အားဖြည့်တင်းဖို့ အခြားအသင်းတော်တော်များများနဲ့အားပြိုင်ရမှာဖြစ်ပြီး အာတီတာက မိမိတို့အသင်းဟာ ဘယ်ကစားသမားကိုမဆို ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော်တို့ အရမ်းကံကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသင်းကို ဘယ်ကစားသမားမဆိုလာချင်နေပြီး သူတို့က အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ချင်နေပါတယ်။ အဲ့တာက ခင်ဗျားရဲ့စိတ်ခွန်အား ဒါမှမဟုတ် ယုံကြည်မှုကို မြင့်တက်စေပါတယ်။ အခုဆိုအသင်းက ကစားသမားတိုင်းကစားချင်တဲ့ နေရာကောင်းဖြစ်လာနေပါပြီ။ အားလုံးခြုံကြည့်ရင် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေသလို သန်မာလာပြီး ကစားသမားတိုင်းကို ဆွဲဆောင်ထားနိုင်ပါပြီ”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။