The network connection is lost.

Banner Image

မန်စီးတီးကြယ်ပွင့်ဟာလန်းနဲ့အတူ တွဲဖက်ကစားရမှုရဲ့ ထူးခြားပုံ အကြောင်း နူဆာ ဖွင့်ဟ

လိုက်ပ်ဇစ်တောင်ပံကစားသမားနူဆာက နော်ဝေလက်ရွေးစင်အသင်းမှာ ဟာလန်းနဲ့အတူ တွဲဖက်ကစားခဲ့ရတဲ့ အတွေ့အကြုံအကြောင်းကို ဖွင့်ဟပြောကြားခဲ့ပါတယ်။
 
ဟာလန်း၊ အိုဒီဂတ်တို့လို ကစားသမားတွေနဲ့ တွဲဖက်ကစားနေရတဲ့ နူဆာက အင်္ဂလန်ကို ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲမှ နော်ဝေအသင်း မထွက်ခွာခင်အထိ အကောင်းဆုံးခြေစွမ်းပြသခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Sport Bild နဲ့အင်တာဗျူးမှာ နူဆာက ဟာလန်းနှင့် သူ့အကြား ဆက်ဆံရေးအပြင် သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအပေါ် မန်စီးတီးကြယ်ပွင့် ဘယ်လိုပုံစံလွှမ်းမိုးခဲ့သလဲဆိုတာကို ဖွင့်ဟပြောကြားခဲ့ပါတယ်။
 
"ကွင်းထဲမှာ ကျွန်တော်တို့အချင်းချင်း အချိတ်အဆက် အရမ်းကောင်းပါတယ်။ ဒါက အတူတူ တွဲကစားရတာကို လွယ်ကူစေပါတယ်။ ဒါကြောင့်လည်း ကျွန်တော် သူ့အတွက် ဂိုးဖန်တီးမှုတွေ အများကြီးလုပ်ပေးနိုင်ခဲ့တာပါ" ဟု နူဆာက ပြောပါတယ်။
 
"လူပုဂ္ဂိုလ်တစ်ဦးအဖြစ်လည်း သူ ဘယ်လိုနေထိုင်တယ်၊ ဘယ်လိုတွေးခေါ်တယ်ဆိုတာကို ကြည့်ပြီး သူ့ဆီမှ သင်ယူရပါတယ်။ ဒါကို အနီးကပ်တွေ့မြင်ခွင့်ရပြီး ကိုယ့်ရဲ့ဘ၀မှာ အသုံးချခွင့်ရရှိတယ်ဆိုတာ အလွန်ကောင်းမွန်ပါတယ်" လို့ ဆက်ပြောပါတယ်။

တဖက်မှာလည်း နူဆာက အထွဋ်အထိပ်ရောက်ရှိဖို့ ကျန်နေသေးတယ်လို့ သူကိုယ်တိုင် ယူဆထားတဲ့ နော်ဝေဘောလုံးလောကရဲ့ ကောင်းမွန်သော တိုးတက်ပြောင်းလဲမှုတွေမှာ ပါဝင်ခွင့်ရလို့ ပျော်ရွှင်နေပါတယ်။
 
"လက်ရှိအချိန်မှာ ကျွန်တော်တို့ နော်ဝေဘောလုံးလောကအတွက် အချိန်ကောင်းတစ်ခုကို ဖြတ်သန်းနေပြီး အခုထက်ပိုပြီး ကောင်းမွန်လာဦးမယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်" လို့ နူဆာက ဆိုပါတယ်။
 
"ကျွန်တော်က နော်ဝေဘောလုံးလောကမှာ ကျွန်တော့်ရဲ့အခန်းကဏ္ဍ ပါဝင်ဖို့ ကြိုးစားနေပါတယ်။ လူတွေက ကျွန်တော့်ကို ဟာလန်း သို့မဟုတ် အိုဒီဂတ်တို့နဲ့ မတူကွဲပြားတယ်လို့ မြင်ကြပြီး ဒါက သူတို့အတွက်လည်း စိတ်အားတက်ကြွစရာ ဖြစ်နေပုံရပါတယ်။ ကိုယ့်ကို အားပေးထောက်ခံကြပြီး ကိုယ့်လိုမျိုးဖြစ်ချင်ကြတဲ့ ပရိသတ်တွေ ရှိနေတယ်ဆိုတာ ကျေနပ်စရာပါ"
 
နူဆာသည် နော်ဝေလက်ရွေးစင်အသင်းအတွက် ၃၀ ကစား၊ ကိုးဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ကိုးကြိမ် ပြုလုပ်ထားပါတယ်။ သူတို့အသင်းက ဒီညမှာ ဒိန်းမတ်နဲ့ရင်ဆိုင်ရမယ့် ၂၀၂၆-၂၀၂၇ နေရှင်းလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို ကစားသွားရပါမယ်။