ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်တဲ့ အာဆင်နယ်လူငယ်ကြယ်ပွင့် အိုဘီမာတင်
အာဆင်နယ်ရဲ့ အသက်-၁၆ နှစ်အရွယ် ပါရမီရှင်လူငယ်ကစားသမားလေး ချီဒိုအိုဘီမာတင်က မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ယခုနွေရာသီမှာပဲ အသင်းကနေ ထွက်ခွာသွားတော့မှာဖြစ်ပါတယ်။
တိုက်စစ်ကစားသမားဟာ အာဆင်နယ်ကနေ ထွက်ခွာတော့မယ့်အကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာခဲ့ပြီးနောက် အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက ၁၆ နှစ်သားဟာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီလို့ ထုတ်ဖော်လာခဲ့တာဖြစ်ပါတယ်။
အင်စတာဂရမ်မှတစ်ဆင့် အိုမီမာတင်က “လွန်ခဲ့တဲ့ ၄ နှစ်အတွင်း အာဆင်နယ်မှာ ရှိခဲ့တဲ့ လူတိုင်းကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီမှာရရှိခဲ့တဲ့ အတွေ့အကြုံနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက ကျွန်တော့်အတွက်တော့ တန်းဖိုးဖြတ်မရပါဘူး။ နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ အသင်းဖော်တွေကို အထူးကျေးဇူးတင်ပါတယ်။ ဒီမှာရှိခဲ့တဲ့ အချိန်တွေကို အမြဲတမ်းသတိရနေမှာပါ။ ဒီမှာရှိတဲ့လူတိုင်း အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ဘဝတွေ ပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” လို့ ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။
ရိုမာနိုရဲ့အဆိုအရ အိုဘီမာတင်ဟာ ဂျာမနီကလပ်တစ်ခုမှ ပိုမိုများပြားတဲ့ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းချက်ကို လက်ခံရရှိခဲ့ပေမယ့် ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့သာ ရွေးချယ်ခဲ့တယ်လို့သိရပါတယ်။ လူငယ်ကစားသမားဟာ ဒိန်းမတ်ကလပ်တစ်ခုမှ အာဆင်နယ်သို့ စတင်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
အိုဘီမာတင်ဟာ အသက်-၁၅ နှစ်အရွယ်မှာပဲ အာဆင်နယ် ယူ-၁၈ အသင်းအတွက် စတင်ပါဝင်ခွင့်ရခဲ့ပြီး ပွဲဦးထွက်မှာပဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ သို့သော်လည်း သူ့ရဲ့ အမှတ်ရစရာအကောင်းဆုံး ပွဲစဉ်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလက လီဗာပူး ယူ-၁၆ အသင်းကို ၁၄-၃ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အိုဘီမာတင်ဟာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက နောဝှစ်ချ်ယူ-၁၈ အသင်းကို ၉-၀ နဲ့ အနိုင်ရခဲ့ရာမှာလည်း အိုဘီမာတင်ဟာ ၇ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးဟာ ဒိန်းမတ်ယူ-၁၇ အသင်း အတွက် ပါဝင်ကစားခွင့်ရထားပြီး ၁၀ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ ကစားသမားဟာ နိုင်ဂျီးရီးယားနဲ့ အင်္ဂလန်အသင်းအတွက်လည်း ကိုယ်စားပြုခွင့်ရှိနေသေးတယ်လို့သိရပါတယ်။