The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့အပြောင်းအရွှေ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အာဆင်နယ်စတား

အာဆင်နယ်စတား အီဇီးက သူ့အနေနဲ့ အာတီတာဖုန်းမခေါ်ခင်အထိ တော့တင်ဟမ်ကိုပြောင်းရွှေ့ဖို့ ပြင်ဆင်ထားပြီးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပဲလေ့စ်စတားဟောင်းဟာ တော့တင်ဟမ်ကိုပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပေမယ့် နောက်ဆုံးအခိုက်အတန့်မှာ အာဆင်နယ်က ကြားဝင်လာတာကြောင့် အာဆင်နယ်ကိုသာ ရွေးချယ်ခဲ့ပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့တုန်းက အီဇီးတစ်ယောက် တော့တင်ဟမ်အသင်းထံပြောင်းရွှေ့ဖို့ပြင်ဆင်ထားခဲ့ပြီးဖြစ်ကာ လီဗိုင်းအနေနဲ့လည်း အသေးစိတ်အချက်အလက်တွေအထိ လုပ်ဆောင်ထားခဲ့ပြီးဖြစ်ပါတယ်။

အဲ့နောက်နေ့မှာတော့ အာတီတာထံ အီဇီးကဖုန်းနောက်ဆုံးခေါ်ဆိုခဲ့ပါတယ်။ အင်္ဂလန်သားဟာ အာဆင်နယ်အသင်းအကယ်ဒမီမှာ ငယ်ဘဝကိုကစားခဲ့တာဖြစ်ပြီး အာဆင်နယ်ပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။ အဲ့ညနေခင်းမှာပဲ အာဆင်နယ်က ပဲလေ့စ်နဲ့အတူအပြောင်းအရွှေ့ကို အလျင်အမြန်အပြီးသတ်ကာ အီဇီးကို ကြားဖြတ်ခေါ်ယူခဲ့ပါတယ်။

“အဲ့တာက ခင်ဗျားအသင်းထံဘယ်လောက်လာချင်နေလဲဆိုတာ ပြသနေပါတယ်။ အဲ့တာက တစ်ချို့အချိန်တွေမှာ အရမ်းကိုကွဲပြားခြားနားပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ ဒီလိုကစားသမားမျိုးကိုခေါ်ယူသင့်တာကြောင့်ပါ။ သူ့ကိုခေါ်ယူနိုင်ခဲ့လို့ ကျွန်တော်ဝမ်းသာပါတယ်။ သူနဲ့ သူ့မိသားစုအတွက်လည်း ဒီအပြောင်းအရွှေ့က ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာ ကျွန်တော်ပြောနိုင်ပါတယ်”လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။

ရက်အနည်းငယ်အကြာမှာ အာဆင်နယ်ဟာ လိဒ်ယူနိုက်တက်ကိုအနိုင်ရခဲ့တဲ့ပွဲအတွင်း အီဇီးကို အာဆင်နယ်ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အက်သလက်တစ်သတင်းဌာနနဲ့အင်တာဗျူးမှာ အီဇီးက “ကျွန်တော် တော့တင်ဟမ်ထံပြောင်းရွှေ့ဖို့ ပြင်ဆင်ပြီးသားပါ။ ဒါပေမယ့် အာဆင်နယ်ဝင်လာချိန်မှာတော့ ကျွန်တော့်နှလုံးသားက အာဆင်နယ်အတွက်ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ကနဦးတုန်းက အီဇီးကို ဘယ်တောင်ပံနေရာအတွက် ခေါ်ယူခဲ့ပေမယ့် အိုဒီဂတ်ဒဏ်ရာကြောင့် လက်ရှိမှာ ကွင်းလယ်နေရာကို ထားကစားနေရပါတယ်။ အီဇီးတစ်ယောက် အာဆင်နယ်မှာစွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပေမယ့် ကာရာဘောင်ပွဲမှာသာ အာဆင်နယ်အတွက် ပထမဆုံးဂိုးသွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။ လာမယ့်အသင်းဟောင်း ပဲလေ့စ်နဲ့ပွဲမှာတော့ ဂိုးသွင်းနိုင်ဖို့ ပစ်မှတ်ထားနေပြီး ၃ မှတ်ပြည့်ရယူနိုင်ဖို့လည်း ပစ်မှတ်ထားနေပါတယ်။

အာဆင်နယ်ခံစစ်က ဒီရာသီပြိုင်ပွဲစုံ ၃ ဂိုးသာ ခံစစ်ကဂိုးပေးထားရပြီး အီဇီးပါဝင်လာမှုနဲ့အတူ အာဆင်နယ်တိုက်စစ်က ခြားနားလာခဲ့တာဖြစ်ပါတယ်။ အီဇီးဟာ ပဲလေ့စ်အသင်းရဲ့ဟီးရိုးတစ်ဦးဖြစ်သလို အက်ဖ်အေဖလားအောင်မြင်မှုအပြင် ကွန်မြူနတီဖလားရယူနိုင်ခဲ့ရာမှာလည်း အသင်းကိုကူညီပေးခဲ့တာဖြစ်ပါတယ်။ ပဲလေ့စ်နဲ့အမှတ်တရကောင်းတွေရှိခဲ့ပေမယ့်လည်း အီဇီးကတော့ လာမယ့်တနင်္ဂနွေနေ့ပွဲမှာ ၃ မှတ်ပြည့်ရယူပေးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။