
ဂိုးပေါက်တည့်ကန်ချက် ၁ ကြိမ်သာရှိခဲ့ပေမယ့်လည်း လီဗာပူးကိုအနိုင်ကန်ဖို့ ကြိုးစားခဲ့ကြောင်း အာတီတာ အခိုင်အမာဆို
အန်ဖီးလ်မြေမှာ ဂိုးပေါက်တည့်ကန်ချက် ၁ ကြိမ်သာရှိခဲ့ပေမယ့်လည်း အာဆင်နယ်နည်းပြ အာတီတာက မိမိတို့ဟာ လီဗာပူးကိုအနိုင်ကန်ဖို့ ကြိုးစားခဲ့တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ စလော့ရဲ့လီဗာပူးထက် ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် အလီဆင်တစ်ယောက် ဒီရာသီပထမဆုံးပေးဂိုးမရှိပွဲကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဆိုဘိုဆလိုင်းက လှပတဲ့အဝေးဖရီးကစ်ကနေသွင်းယူပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့နည်းစနစ်ချဉ်းကပ်ပုံနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေရှိပေမယ့် အာတီတာက သတင်းထောက်တွေကိုပြောကြားရာမှာ “ကျွန်တော်တို့ပွဲအစီအစဉ်က သူတို့ကိုနှောက်ယှက်ဖို့ပဲမဟုတ်ပါဘူး။ ကျွန်တော်တို့အနိုင်ကန်ဖို့ ပြင်ဆင်လာခဲ့တာပါ။ ကျွန်တော်တို့ပွဲကိုထိန်းချုပ်နိုင်ခဲ့သလို ပွဲအရှိန်ကိုလည်း မြှင့်တင်နိုင်ခဲ့ပါတယ်။
သူတို့က ပွဲကစားချိန်မိနစ် ၆၀ ကနေ ၇၈ မိနစ်အတွင်းမှာ ပိုလုပ်နိုင်ခဲ့ပါတယ်။ အဲ့နောက် အခြေအနေ ၂ ခုက ပွဲအဖြေကိုပြောင်းလဲစေခဲ့တာပါ။ တစ်ခုက တစ်ဦးချင်းအမှားဖြစ်ပြီး နောက်တစ်ခုက မှော်ဝင်အခိုက်အတန့်ပါ။ ဒါကြောင့် သူတို့အဲ့လိုအခိုက်အတန့်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး အဲ့တာကနေ အနိုင်ယူနိုင်ခဲ့တာပါ။ ဘာမှသိမကွာပါဘူး”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အာတီတာဟာ လီဗာပူးနဲ့ပွဲအစမှာ ကွင်းလယ် ၃ ဦးအဖြစ် မာတင် ၊ မာရီနို ၊ ဒီကလန်ရိုက်စ်တို့နဲ့ စတင်လာခဲ့ကာ အီဇီး ၊ နွမ်နီရီ ၊ အိုဒီဂတ်တို့ကို အရန်အဖြစ်သာ ထည့်လာခဲ့ပါတယ်။
“ကောင်းပါပြီ။ ကျွန်တော်တို့မှာ လူအင်အားရှိနေပေမယ့် မာတင်က ဒဏ်ရာရခဲ့သလို ဟာဗက်ဇ်ကလည်း မကစားနိုင်ပါဘူး။ မာရီနိုက စရောက်လာကတည်းက ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ပြထားနိုင်ပါတယ်။ ကျွန်တော်တို့ တိုက်စစ်ကစားသမား ၃ ဦး ၊ full-back ကစားသမား ၂ ဦးနဲ့ကစားခဲ့တာပါ။ ပွဲအပြီးမှာ အဲ့တာကစကားအဖြစ်ပြောဖို့ လွယ်ကူခဲ့တယ်လို့ ထင်ပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ပထမဆုံးနိုင်ငံတကာရက်သတ္တပတ်မှာ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး လာမယ့်စက်တင်ဘာ ၁၃ ရက်နေ့ နော်တင်ဟမ်နဲ့အိမ်ကွင်းပွဲမှာ အဓိကကစားသမားတွေ ကြံ့ခိုင်မှုပြည့်ဝနေဖို့ မျှော်လင့်နေပါတယ်။