လူငယ်ကြယ်ပွင့်ဂိုးသမား အာမင်ပက်စီကို TSV Hartberg အသင်းဆီ အငှားချထားလိုက်တဲ့ လီဗာပူး
လီဗာပူးအသင်းက အာမင်ပက်စီကို လာမယ့်ဘောလုံးရာသီအတွက် TSV Hartberg အသင်းဆီ အငှားကစားသမားအဖြစ် စေလွှတ်ခဲ့ပါတယ်။
ပက်စီက ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ဟန်ဂေရီကလပ် Puskas Akademia မှ လီဗာပူးဆီ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ်အများစု ကြိုတင်ခန့်မှန်းခဲ့ကြသလိုပဲ လီဗာပူးရဲ့အမေရိကန်ရာသီကြိုခရီးစဉ်လူစာရင်းမှာ ပက်စီ မပါဝင်လာခဲ့ပါဘူး။
အခုတော့ လီဗာပူးက ပက်စီရဲ့အပြောင်းအရွှေ့ကို အတည်ပြုလိုက်ပြီး အလီဆင်၊ မာမာဒါရှီဗီလီတို့လို ဂိုးသမားတွေရှိနေတဲ့ မာဆေးဆိုဒ်မှာ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်နေမယ့်အစား အခြားတစ်နေရာမှာ အဖိုးတန်အတွေ့အကြုံတွေ သွားရောက်ရယူဖို့ ခွင့်ပြုပေးလိုက်ပါတယ်။
လီဗာပူးအသင်းရဲ့ထုတ်ပြန်ချက်မှာ "ဂိုးသမားအာမင်ပက်စီက နိုင်ငံတကာပြောင်းရွှေ့ခွင့် အတည်ပြုချက်ရရှိတာနဲ့တပြိုင်နက် TSV Hartberg ဆီ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားပါလိမ့်မယ်။ ပြီးခဲ့တဲ့လအတွင်း ဟန်ဂေရီလက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့တဲ့ အသက် ၂၁ နှစ်အရွယ်ဂိုးသမားက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကို သြစတြီးယားဘွန်ဒက်လီဂါကလပ်မှာ ဖြတ်သန်းသွားပါမယ်" လို့ ဖော်ပြထားပါတယ်။
ပက်စီက လီဗာပူးစီနီယာအသင်းကြီးအတွက် ပွဲဦးထွက်မကစားရသေးပေမဲ့ ပွဲနေ့လူစာရင်းမှာ ငါးကြိမ်အထိ ပါဝင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် သူက ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင် ကာဇက်စတန်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဟန်ဂေရီလက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့ပါတယ်။
ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပက်စီက "အခုလို TSV Hartberg ဆီ ရောက်လာရလို့ အရမ်းဝမ်းသာပါတယ်။ ဒီကလပ်မှာ လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ပေးရင်းနဲ့ပဲ အောင်မြင်မှုရအောင် လုပ်ဆောင်တဲ့ ရှင်းလင်းတဲ့ မူဝါဒရှိပါတယ်။ ဒါကပဲ ကျွန်တော့်ကို စပြီး ဆွဲဆောင်ခဲ့တာပါ။ ပထမဆုံးအကြိမ်ဆွေးနွေးကတည်းက ကလပ်ရဲ့ ယုံကြည်မှုကို ခံစားခဲ့ရပြီး အခု ဒီကိုရောက်လာလို့ ကျေနပ်မိပါတယ်။ အလုပ်တွေ အမြန်ဆုံးစလုပ်ပြီး အသင်းရဲ့ရည်မှန်းချက်တွေ ပြည့်မီအောင် နေ့တိုင်း အစွမ်းကုန် ကြိုးစားသွားဖို့ မျှော်လင့်နေပါတယ်" လို့ ပြောခဲ့ပါတယ်။
TSV Hartberg နည်းပြချုပ် မားကပ်စ်ရှော့ပ်ကလည်း "ဥရောပကလပ်အသင်းကြီးတွေအနက် တစ်ခုဖြစ်တဲ့ လီဗာပူးက သူတို့ရဲ့ထူးချွန်လူငယ်ဂိုးသမားတစ်ဦးကို အခုဘောလုံးရာသီမှာ ကျွန်တော်တို့ဆီ ထပ်ပြီး ယုံယုံကြည်ကြည်နဲ့ အပ်နှံလိုက်မှုကြောင့် တကယ့်ကို အံအားသင့်စရာကောင်းပါတယ်။ ကျွန်တော်တို့က လွန်ခဲ့တဲ့နှစ်တွေအတွင်း ဂိုးသမားနေရာအတွက် အကောင်းဆုံးလုပ်ပြနိုင်ခဲ့လို့ TSV Hartberg အတွက်လည်း ဂုဏ်ယူစရာပါပဲ၊။ ပက်စီက ကျွန်တော် တကယ်လိုချင်တဲ့ ဂိုးသမားမျိုးဖြစ်သလို ကျွန်တော်တို့အသင်းရဲ့ပုံစံနဲ့လည်း လုံးဝအံဝင်ခွင်ကျဖြစ်ပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။