The network connection is lost.

Banner Image

လုခ်ရှော ဒဏ်ရာအသစ်ထပ်မံရရှိထားကြောင်း အတည်ပြုလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ဒဏ်ရာပြဿနာနဲ့ အနားယူနေရတဲ့ အသင်းရဲ့ဘယ်နောက်ခံလူ လုခ်ရှောဟာ ယခုအခါမှာလည်း ဒဏ်ရာအသစ်ထပ်မံရရှိထားပြန်ပြီလို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။ ဆောက်သမ်တန်ကစားသမားဘဝမှာကတည်းက ဒဏ်ရာပြဿနာနဲ့စတင်ကြုံတွေ့ခဲ့ရတဲ့ ရှောဟာ ယူနိုက်တက်သို့ရောက်ရှိချိန်မှာလည်း မကြာခဏဒဏ်ရာရနေပြီး မကြာသေးမီရာသီအချို့မှာ ပွဲထွက်ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ သို့သော်လည်း ရှောဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အရေးပါတဲ့နောက်ခံလူအဖြစ် အဓိကအခန်းကဏ္ဍကနေပါဝင်ထားနိုင်ခဲ့သလို၊ ဒဏ်ရာပြဿနာကင်းစင်ပါက ယူနိုက်တက်အတွက် အလွန်အရေးပါတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ 

ဒီရာသီမှာတော့ ကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံပွဲစဉ်တွေထဲမှ ၃ ပွဲသာပါဝင်ကစားခွင့်ရထားပြီး အဲရစ်တန်ဟက်နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ ရူဘင်အာမိုရင်ရဲ့လက်အောက်မှာတော့ တစ်ကြိမ်မှ ပါဝင်ကစားနိုင်ခြင်းမရှိသေးပါဘူး။ အင်္ဂလန်သားဟာ လာမယ့်အပတ်မှာပဲ ကစားနိုင်တော့မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ယခုအခါမှာတော့ အာမိုရင်က ကစားသမားဟာ အခြားဒဏ်ရာသစ်တစ်ခု ထပ်မံရရှိထားတာကြောင့် ဂရုစိုက်ဖို့လိုအပ်နေသေးကြောင်း ပြောကြားလာခဲ့ပါတယ်။ 

အာမိုရင်က “လုခ်ရှောက နောက်ဆုံးရခဲ့တဲ့ဒဏ်ရာမဟုတ်ဘဲ အခြားနေရာတစ်ခုမှာ ဒဏ်ရာထပ်ရထားပါတယ်။ ဒါကြောင့် သူ့ကိုဂရုစိုက်သွားဖို့ လိုအပ်ပါဦးမယ်” လို့လက်စတာနဲ့ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ သေးငယ်တဲ့ဒဏ်ရာသစ်ရရှိခဲ့တာဖြစ်ပေမယ့် ယူနိုက်တက်အနေနဲ့ အဆိုပါဒဏ်ရာကို ဂရုတစိုက်စောင့်ကြည့်သွားရမှာဖြစ်လို့ လာမယ့်အပတ်မှာလည်း ကစားသမားကို ဆက်လက်အနားပေးသွားဖွယ်ရှိနေပါတယ်။